“ ကပ်ဘေးများမတိုင်ခင် ချီဆောင်ခံရခြင်း” က ဘာကိုဆိုလိုပါသလဲ။ “ ကပ်ဘေးများမတိုင်ခင် အောင်မြင်တဲ့သူများအဖြစ် ပြုလုပ်ခံရခြင်း” က ဘာကိုဆိုလိုပါသလဲ။ မင်္ဂလာပါ ဝိညာဉ်ရေးရာအမေးအဖြေမှ ညီအစ်ကိုမောင်နှမတို့ ကျွန်မတို့ဟာအခုဆိုရင် နောက်ဆုံးသောကာလရဲ့ နောက်ဆုံးအဆင့်မှာရှိနေပါတယ်။ ကပ်ဘေးဒုက္ခမျိုးစုံဟာ အရေအတွက် တိုးတိုးလာတာကို သတင်းတွေမှာ ကျွန်မ တွေ့မြင်ရပါတယ်။ ကျွန်မဟာ ကပ်ဘေးမတိုင်ခင်မှာ ချီဆောင်ခြင်းခံရပြီး အောင်မြင်တဲ့သူအဖြစ် ပြုလုပ်ခံရခြင်းရှိမရှိက ကျွန်မ့အတွက် အဓိကအချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီး ကျွန်မ့ရဲ့အမြင်ကတော့ ကျွန်မတို့ဟာ ဘာပဲဖြစ်နေဖြစ်နေ သခင့်ရဲ့အမည်နာမကို စွဲကိုင်ထားသရွေ့၊ အခက်အခဲဒုက္ခမျိုးစုံကို ကျွန်မတို့ ဖြတ်သန်းရတဲ့အခါမှာ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး နောက်ပြန်မလှည့်သရွေ့ ကျွန်မတို့ဟာ အောင်မြင်တဲ့သူတွေဖြစ်လာနိုင်တယ်။ ပြီးရင် ကပ်ဘေးတွေကျရောက်လာတဲ့အခါကျရင် သခင်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ကတိတော်တွေကို ခံစားရဖို့အတွက် ကောင်းကင်ပေါ်ကိုချီဆောင်ခြင်းခံရနိုင်တယ်။ ဒါပေမဲ့ တချို့က ကျွန်မ့အမြင်ကို မေးခွန်းထုတ်ကြတယ်။ တချို့လူတွေက ဒါတွေ၊ ဒါတွေကို ရရှိပြီးခဲ့ကြပြီ၊ နောက်ပြီး ကပ်ဘေးတွေက အရေအတွက် များလာပြီးတော့ ကပ်ဘေးမျိုးစုံက ကျွန်မတို့အပေါ်ကို ကျရောက်နှင့်နေပြီ။ ဒါပေမဲ့ ဘယ်သူမှ ကောင်းကင်ပေါ်ကို ချီဆောင်ခြင်းခံရတာ မမြင်ရသေးဘူးလို့ ပြောကြတယ်။ချီဆောင်ခြင်းခံရတယ်ဆိုတာ တကယ်ပဲ ကောင်းကင်ပေါ်ကို တက်သွားတာကို ဆိုလိုတာလား။ ပြီးတော့ လူတစ်ယောက်က ဒီအရာတွေကို ရရှိတာနဲ့ပဲ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်သွားရအောင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့က တော်တော်ရိုးရှင်းသလား။ ဒါတွေအားလုံးကို ကျွန်မသိပ်နားမလည်ဘူး။ ဒါကြောင့် ညီအစ်ကိုမောင်နှမတို့ရဲ့ အမြင်ကို ကျွန်မ မေးချင်ပါတယ်။ စာပြန်တာကို စောင့်မျှော်နေပါတယ်။ ရိုးသားစွာဖြင့် ရှောင်ရှောင် မင်္ဂလာပါ အစ်မ ရှောင်ရှောင် ကျွန်တော်တို့ အပြည့်အဝ နားလည်ခြင်းမရှိတဲ့ အချက်တွေကို ကျွန်တော်တို့ ရှာဖွေပြီး မိတ်သဟာယပြုနိုင်တာက ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီပါတယ်။ သခင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ ကပ်ဘေးတွေ မတိုင်ခင်မှာ ချီဆောင်ခြင်းခံရပြီး အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခြင်းခံရနိုင်ခြင်း ရှိမရှိက ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ ဝင်ရောက်နိုင်ခြင်းရှိမရှိနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နောက်ဆုံးမှာ အောင်မြင်သူတွေအဖြစ်ပြုလုပ်ခြင်းခံရပြီး ကောင်းကင်နိုင်ငံကို ချီဆောင်ခြင်းခံရလိုတယ်ဆိုရင် ချီဆောင်ခြင်းက တိတိကျကျ ဘာကိုဆိုလိုတယ်ဆိုတာ၊ အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခြင်းခံရတာက ဘာကိုဆိုလိုတယ်ဆိုတာ ကို ကျွန်တော်တို့ အရင်ဦးဆုံး နားလည်ရပါမယ်။ ဒီအချက်နှစ်ချက်ကို ဆွေးနွေးဖို့အတွက် အောက်မှာ ခွဲခြားထားပါတယ်။ ဘုရားသခင် ကျွန်တော်တို့ကို လမ်းပြပါစေ။ ၁။ “ ကပ်ဘေးများမတိုင်ခင်မှာ ချီဆောင်ခြင်းခံရခြင်း” ဆိုတာ ဘာကိုဆိုလိုတာလဲ ကပ်ဘေးမတိုင်ခင်မှာ ချီဆောင်ခံရခြင်းက ဘာကိုဆိုလိုတာလဲဆိုတာကို ကျွန်တော်တို့ နားလည်ချင်ရင် ချီဆောင်ခြင်းခံရတာက ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်တော်တို့ အရင်ဦးဆုံး နားလည်ရပါမယ်။ တချို့လူတွေက ချီဆောင်ခြင်းခံရတယ်ဆိုတာ သခင်ပြန်ကြွလာတဲ့အခါမှာ သူဟာ သခင်နဲ့ တွေ့ဖို့အတွက် ကောင်းကင်ပေါ်ကို တက်သွားမယ်ဆိုတာကို ဆိုလိုခြင်းဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဒါက သက်သာလောနိတ်သြဝါဒစာ ပဌမစောင် ၄:၁၇ မှာ ပေါလုက “ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” လို့ ပြောထားတာကြောင့်ပါ။ ဒါပေမဲ့ ဒါက သခင်ရည်ရွယ်ခဲ့တာ ဟုတ်သလား။ ဒါက ပေါလုကိုယ်တိုင်က ပြောခဲ့တာသက်သက်ပဲ။ သခင်ယေရှုက ဒါကို တစ်ခါမှ မပြောခဲ့ဘူး။ သန့်ရှင်းသောဝိညာဉ်တော်က တစ်ခါမှ ဒီလို သက်သေမခံခဲ့ဘူး။ ဒါကြောင့် ဒီစကားတွေဟာ သခင့်ရည်ရွယ်ချက်ကို ကိုယ်စားမပြုနိုင်ပါဘူး။ ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲ အစအဦးမှာ ဘုရားသင်က မြေစေးကို အသုံးပြုပြီး ကမ္ဘာမြေပေါ်မှာ လူသားမျိုးနွယ်ကို ဖန်တီးခဲ့တယ်။ ကမ္ဘာပေါ်မှာ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ အရာတွေအားလုံးကို ကြီးကြပ်ဖို့အတွက် လူတွေကို စီစဉ်ပေးခဲ့တယ်။ သူ့ကို ကိုးကွယ်ပြီး ဂုဏ်တော်ချီးမွမ်းဖို့အတွက် လူတွေကို ဘုရားသခင်က ညွှန်ကြားခဲ့တယ်။ ဒါ့အပြင် ဟိုးအရင်တုန်းက ဘုရားသခင်က သူဟာ ကမ္ဘာမြေပေါ်မှာ သူ့ရဲ့နိုင်ငံတော်ကို တည်ထောင်မယ်၊ ကမ္ဘာမြေပေါ်မှာ လူနဲ့အတူနေထိုင်မယ်၊ ကမ္ဘာလောကရဲ့ နိုင်ငံတွေအားလုံးဟာ ခရစ်တော်အုပ်စိုးတဲ့ နိုင်ငံတွေဖြစ်လာမယ်ဆိုတာတွေကို ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဗျာဒိတ်ကျမ်းမှာပြောထားတဲ့ ပရောဖက်ပြုချက်တွေလိုပါပဲ။ “ ဘုရား သခင်၏ တဲကော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။” (ဗျာဒိတ်ကျမ်း ၂၁:၃) “ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” (ဗျာဒိတ်ကျမ်း ၁၁:၁၅) ဒါကြောင့် သခင်ပြန်ကြွလာတဲ့အခါမှာ လူတွေကို သူနဲ့တွေ့ဆုံဖို့အတွက် ကောင်းကင်ပေါ်ကို မြှင့်တင်မှာမဟုတ်ဘဲ သူ့နိုင်ငံတော်ကို ကမ္ဘာမြေပေါ်မှာ တည်ဆောက်လိမ့်မယ်။ ကျွန်တော်တို့အတွက် ဘုရားသခင်ပြင်ဆင်ထားတဲ့ ပန်းတိုင်က ကမ္ဘာမြေပေါ်မှာ တည်ဆောက်ဖို့အတွက် ဖြစ်လို့ပါ။ ဒါ့အပြင် ကျွန်တော်တို့က ကောင်းကင်ပေါ်ကို ချီဆောင်ခြင်းခံရရင် အဲဒီအပေါ်မှာ ကျွန်တော်တို့ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ချီဆောင်ခြင်းခံရတယ်ဆိုတာ ကောင်းကင်နိုင်ငံပေါ်ကို တက်သွားခြင်းဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုက သမ္မာတရားနဲ့ မကိုက်ညီသလို ဘုရားသခင်ရဲ့ အမှုတော်အချက်အလက်တွေနဲ့ မကိုက်ညီဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ယူဆချက်တွေနဲ့ စိတ်ကူးထင်မြင်မှုတွေဆီက ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုသာ ဖြစ်ပြီး လွန်ကဲတဲ့ ဆန္ဒတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ချီဆောင်ခြင်းခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်။ ဒါဆိုရင် ကျွန်တော်တို့ နားလည်ပါလိမ့်မယ်။ ဒီအပိုဒ်မှာ ဖော်ပြထားတယ်။ “ ‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ သားဦးများ၏ အရိုက်အရာ၊ ငါ၏ သားများ သို့မဟုတ် ငါ၏ လူများ၏ အရိုက်အရာကို ရသော သူများသည် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။” ချီဆောင်ခံရခြင်းဆိုတာ ကျွန်တော်တို့က နိမ့်တဲ့နေရာကနေ မြင့်တဲ့နေရာကို မြင့်တက်သွားတယ်လို့ ဆိုလိုတာမဟုတ်ဘူးဆိုတာကို ဒီကျမ်းပိုဒ်ကနေ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ ဒါက ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ထားတဲ့သူတွေကို ရည်ညွှန်းပါတယ်။ ကြိုတင်သတ်မှတ်ခြင်းခံရမှုဆိုတာက ခေတ်တွေမတိုင်ခင်မှာ ကယ်တင်ခြင်း ရဖို့အတွက် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတဲ့သူတွေကို ရည်ညွှန်းတယ်။ ရွေးချယ်ခံရခြင်းဆိုတာက ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်နိုင်တဲ့၊ ဘုရားသခင်ရှေ့မှောက်ကို လာနိုင်ပြီး သူ့ရဲ့ အမှုတော်သစ်ကို လက်ခံနိုင်တဲ့သူအဖြစ် ကြိုတင်သတ်မှတ်ပြီးဖြစ်သူတွေကို ရည်ညွှန်းပါတယ်။ ချီဆောင်ခံရခြင်းဆိုတာ ဒါကို ဆိုလိုတာပါ။ ကျွန်တော်တို့ ကောင်းကောင်းသိထားတဲ့အတိုင်းပဲ၊ ပညတ်တော်ခေတ်အဆုံးမှာ သခင်ယေရှုဟာ အမှုတော်ရဲ့ အဆင့်အသစ်တစ်ခုကို လုပ်ဆောင်ဖို့အတွက် ကြွလာခဲ့တယ်။ အဲဒီအချိန်မှာ ပေတရု၊ ယောဟန်၊ မဿဲ၊ ယာကုပ် စတဲ့လူအားလုံးက ယေရှုဟောကြားတဲ့ တရားဒေသနာတွေကို ကြားခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ပညတ်တော်ကို စွန့်ခွာပြီး သခင့်နောက်ကိုလိုက်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရှေ့ကို ချီဆောင်ခြင်းခံခဲ့ကြရတယ်။ ဒီလိုပဲ၊ သခင်ယေရှုက သူဟာ နောက်ဆုံးသောကာလမှာ ပြန်ကြွလာမယ်၊ လူကို ကယ်တင်ဖို့အတွက် သူ့ရဲ့ နှုတ်ကပတ်တော်တွေကို မိန့်မြွက်ပြီး သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ လူတွေကြားထဲကို ကြွလာမယ်လို့ ပြောခဲ့တယ်။ သခင်ယေရှု ပြောခဲ့တဲ့တိုင်းပဲ။ “ သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၆:၁၂-၁၃) “ ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (၁ ပေ ၄:၁၇) “ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၂:၄၈) “ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။” (ဗျာဒိတ်ကျမ်း ၂၀:၁၂) သခင်ယေရှုဟာ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ကိုယ်တော်ဟာ ကျွန်တော်တို့ကို မိန့်ကြားစရာတွေ အများကြီးရှိသေးတယ်၊ သူ့ရဲ့နှုတ်ကပတ်တော်ကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ဆောင်ရွက်မယ်ဆိုတာ ဒီအချက်တွေကနေ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းအားဖြင့်သာ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့တော်မှောက်ကို အမှန်တကယ် ချီဆောင်ခြင်း ခံရနိုင်ပါတယ်။ ဒါကြောင့် အမည်မှာ ဖော်ပြနေတဲ့အတိုင်း ကပ်ဘေးများမတိုင်ခင်မှာ ချီဆောင်ခြင်းခံရတယ်ဆိုတာ ဘုရားသခင်ဟာ သူလုပ်ဆောင်ရမယ့် အမှုတော်ကို ဆောင်ရွက်ဖို့အတွက် ကြီးမားတဲ့ ကပ်ဘေးတွေမတိုင်ခင်မှာ ကမ္ဘာလောကဆီကို လူပုဂ္ဂိုလ်အနေနဲ့ နောက်တဖန် ကြွလာမယ်လို့ ဆိုလိုပါတယ်။ ပြီးတော့ အဲဒီအချိန်မှာ သခင် ပြန်လည်ကြွလာခြင်းကို ကြိုဆိုခြင်းအားဖြင့်သာ ကျွန်တော်တို့ဟာ ကပ်ဘေးတွေ မတိုင်ခင်မှာ ချီဆောင်ခြင်းကို ခံရနိုင်ပါတယ်။ အခု ကျွန်တော်တို့ ကပ်ဘေးတွေ မတိုင်ခင်မှာ ချီဆောင်ခံရခြင်း ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို မိတ်သဟာယဖွဲ့ခဲ့ပြီးပါပြီ။ ဒီတော့ အခု ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခြင်းခံရဖို့ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကို မိတ်သဟာယဖွဲ့ကြရအောင်။ ၂။ “ ကပ်ဘေးများမတိုင်ခင်မှာ အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခံရခြင်း” ဆိုတာ ဘာကိုဆိုလိုသလဲ ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခံရဖို့ဆိုတာကို ကျွန်တော်တို့ နားမလည်ခင်မှာ အောင်မြင်တဲ့သူတွေက ဘာတွေလဲဆိုတာကို ကျွန်တော်တို့ အရင်ဆုံး နားလည်ရပါမယ်။ အဲဒီအတိုင်း တိုက်ရိုက်ပဲ၊ အောင်မြင်တဲ့သူ လူတစ်စုကို ဆိုလိုပါတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေအားလုံး သိကြတဲ့အတိုင်းပဲ၊ စာတန်က ဘုရားသခင်ရဲ့ ရန်သူဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အောင်မြင်ကျော်လွှားရမယ်။ ကျွန်တော်တို့ဟာ စာတန်ကို အောင်မြင်ရမယ်လို့ သေချာပေါက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် အောင်မြင်တဲ့သူတွေက စာတန်ကို အောင်မြင်တဲ့မယ့်သူ လူတစ်စုကို ရည်ညွှန်းပါတယ်။ ဒါပေမဲ့ စာတန်ကိုအောင်မြင်ဖို့ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျွန်တာ်တို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ စာတန်ရဲ့ ဖျားယောင်းသွေးဆောင်ခြင်းကို ခံရပြီးကတည်းက လူသားမျိုးနွယ်ဟာ အပြစ်တရားထဲမှာ အသက်ရှင်နေထိုင်ခဲ့ပြီး မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်မာစက်ဆုပ်ခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားခြင်း စတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးစုံနဲ့ ပြည့်နေခဲ့တယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းဟာ ဒီအရာတွေရဲ့ ကန့်သတ်တုပ်နှောင်ခြင်းကိုခံရပြီး ကျွန်တော်တို့ဟာ ဒီအဆိပ်တွေအပေါ် မှီခိုပြီး အသက်ရှင်နေထိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် စာတန်ကို အောင်မြင်ခြင်းဆိုတာ စာတန်ရဲ့ ချည်နှောင်မှုတွေနဲ့ သံခြေချင်းတွေကို ဖယ်ရှားပစ်ဖို့၊ ကျွန်တော်တို့ကို ဒုက္ခပေးတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေအားလုံးကနေ ကိုယ့်ကိုယ်ကိုယ် လုံးဝ ဖယ်ရှားပစ်ပြီး အဲဒီအရာတွေနဲ့ ဆက်ပြီးအသက်မရှင်တော့ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားနိုင်စွမ်းရှိပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နိုင်ဖို့ကို ဆိုလိုပါတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ဟာ အောင်မြင်တဲ့သူတွေဆိုတဲ့ အမည်ကို ရရှိနိုင်ပြီး ကျွန်တော်တို့အပြစ်တွေဟာ အမှန်တကယ် သန့်စင်ခြင်းကို ခံရနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ အလင်းထဲမှာ နေထိုင်နိုင်ပြီး ဘုရားသခင်ရဲ့ အမွေကို ထိုက်တန်နိုင်ပါတယ်။ ဗျာဒိတ်ကျမ်းထဲမှာ မှတ်တမ်းတင်ထားသလိုပါပဲ။ “ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသော သူဖြစ်ကြ သတည်း။” (ဗျာဒိတ်ကျမ်း ၇:၁၄) “ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄) “ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။” (ဗျာဒိတ်ကျမ်း ၃:၁၂) “ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။” (ဗျာဒိတ်ကျမ်း ၂၁:၇) “ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၄-၅) ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဖော်ပြထားတယ်။ “ ဘေးအန္တရာယ် မကျရောက်မီ စုံလင်စေအောင် ပြုလုပ်ခြင်း ခံရသော သူတို့သည် ဘုရားသခင်အား နာခံကြ သူများဖြစ်သည်။ သူတို့သည် ခရစ်တော်အား ကိုးစားခြင်း၊ ခရစ်တော်အတွက် သက်သေခံခြင်း၊ သူ့အား ချီးမွမ်းခြင်းတို့ဖြင့် အသက်ရှင်ကြသည်။ သူတို့သည် အောင်ပွဲခံသော သားယောင်္ကျားများ ဖြစ်ကြပြီး ခရစ်တော်၏ စစ်သည်ကောင်းများ ဖြစ်ကြသည်။” အောင်မြင်တဲ့သူတွေဟာ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းနိုင်သူတွေဖြစ်တယ်ဆိုတာကို ဒီနှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ မြင်တွေ့နိုင်တယ်။ သူတို့တွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တရားစီရင်မှုကို ကြုံတွေ့ရတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ သန့်စင်ဖယ်ရှားခြင်းကို ခံရတယ်။ သူတို့ဟာ ဘုရားသခင်ပေါ် နာခံခြင်း အစစ်အမှန်ကို ပိုင်ဆိုင်ကြတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ပြီး ကိုယ်တော်ရဲ့ ကတိတော်ကို ခံစားကြရတယ်။ နောက်တစ်မျိုးပြောရရင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခြင်းက ပေးဆပ်မှုတစ်ခုပြုဖို့၊ သခင့်အပေါ်ယုံကြည်မှုမှာ သခင့်ရဲ့အမည်နာမကို ထိန်းသိမ်းဖို့အတွက် ဒုက္ခခံနိုင်ခြင်းကိုဆိုလိုတာမဟုတ်ဘူး။ ဆင်းရဲဒုက္ခတွေဖြစ်ပေါ်တဲ့အခါမှာ နောက်ပြန်မလှည့်ခြင်းကို မဆိုလိုဘူး။ ဒီအရာတွေအစား အဲဒါက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းနဲ့ အပြစ်တွေ သန့်စင်ဖယ်ရှားခံရခြင်းကို ဆိုလိုတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အညစ်အကြေးနဲ့ ဖောက်ပြန်ပျက်စီးမှုက ဘယ်လောက် သန့်စင်ပြီးသွားပြီလဲ။ မာနထောင်လွှားမှုနဲ့ စိတ်ကြီးဝင်မှု၊ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ယုတ်မာစက်ဆုပ်မှု၊ ကောက်ကျစ် လှည့်စားမှု၊ ဆိုးယုတ်မှုနဲ့ လောဘကြီးမှု စတဲ့အရာတွေလိုမျိုး ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ တစ်ခုမှကို ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ် မဖယ်ရှားပစ်ရသေးပါဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းကြီးပေးတဲ့အခါမှာ ကျွန်တော်တို့ဟာ ကိုယ်တော်ကို နာခံနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မနှစ်သက်တဲ့အရာတွေ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ဟာ ဘုရားသခင်ကို အလိုအလျောက် အပြစ်တင်နိုင်ကြတယ်။ တရားဒေသနာဟောကြားရာမှာ ကျွန်တော်တို့ထက်ပိုကောင်းတဲ့သူတွေကို ကျွန်တော်တို့တွေ့ရင် သူတို့အပေါ်ကို မနာလိုဖြစ်ခြင်း၊ မုန်းတီးခြင်းတွေ ကျွန်တော်တို့ အတွင်းမှာ ဖြစ်ပေါ်လာနိုင်တယ်။ အကြောင်းကိစ္စတွေက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကို ထိလာရင် ကျွန်တော်တို့ဟာ လှည့်စားခြင်းတွေ ပြုလုပ်နိုင်ပြီး မရိုးသားကြဘူး။ ဒါတွေက ဥပမာတချို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကပ်ဘေးတွေမတိုင်ခင်မှာ ချီဆောင်ခံရပြီး ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခြင်းခံရချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ ကပ်ဘေးတွေမကျရောက်ခင်မှာ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံရမယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို ကြုံတွေ့ရမယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပစ်ရမယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ရမယ်။ ခရစ်တော်ကို ချီးမြှောက်ပြီး အရာအားလုံးမှာ ခရစ်တော်ကို သက်သေခံရမယ်။ ပြီးတော့ ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ရပါမယ်။ ဒီလိုမှသာ ဘုရားသခင်အားဖြင့် အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ပြုလုပ်ခံရဖို့၊ ဘုရားသခင်ရဲ့ ကတိတော်ကို ဆက်ခံရရှိဖို့ အရည်အချင်းပြည့်မှီပြီး ကိုယ်တော်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့အတွက် ထည့်သွင်းသတ်မှတ်နိုင်ပါတယ်။ အစ်မ ရှောင်ရှောင် “ ကပ်ဘေးများမတိုင်ခင်မှာ ချီဆောင်ခံရခြင်း” နဲ့ “ ကပ်ဘေးများမတိုင်ခင် အောင်မြင်တဲ့သူတွေအဖြစ် ပြုလုပ်ခံရခြင်း” က ဘာကိုဆိုလိုတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ နားလည်မှုနဲ့ အသိပညာကလည်း အကန့်အသတ်နဲ့ဖြစ်ပြီး ဒီလိုမျိုး မိတ်သဟာယကိုပဲ ကျွန်တော်တို့ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အစ်မအတွက် နည်းနည်း အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ အစ်မနားမလည်တဲ့အရာ တခြားတစ်ခုခုရှိရင် ဒါမှမဟုတ် ပြဿနာတွေ ထပ်ပြီး ရှိရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ဆီကို ရေးပို့ပါ။ ကျွန်တော်တို့ နောက်တစ်ခါ အတူတူ ရှာဖွေပြီး မိတ်သဟာယဖွဲ့ပါမယ်။ ဝိညာဉ်ရေးရာအမေးအဖြေ
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|