"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ရှောင်ချန်၊ တရုတ်နိုင်ငံ ညိုမည်းသော နေ့တစ်နေ့ဖြစ်ပြီး နေတစ်ပြောက်မျှ မတွေ့မြင်ရပါ။ ကျွန်ုပ်သည် ထိုင်ခုံပေါ်တွင်ထိုင်၍ ကျမ်းစာဖတ်လျှက်ရှိသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (တိမောသေသြဝါဒစာ ဒုတိယစောင် ၄:၇-၈) ဤနှုတ်ကပတ်တော်တို့ကိုဖတ်မိသည့်အခါတွင် ကျွန်ုပ်သည် သခင်နောက်တော်သို့လိုက်ခဲ့သည့် နှစ်နှစ်ဆယ်ကာလကို ပြန်ပြီး အမှတ်ရမိသည်။ ကျွန်ုပ်သည် သခင့်အတွက် အသုံးတော်ခံလျှက် ပေါလုကို အတုယူသည်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ သို့မဟုတ် အလွန်အမင်းအေးသည့်နေ့ဖြစ်ပါစေ ကျွန်ုပ်သည် သခင်၏ သိုးစုကို ဇွဲရှိရှိဖြင့် ကာကွယ်သည်။ ကျွန်ုပ်သည် ဤသို့ ဆက်လက်ပြီး ကြိုးပမ်းသွားပြီး သခင်၏ အမည်နာမနှင့် သခင့်နည်းလမ်းကို စွဲကိုင်ထားလျှင် သခင်ပြန်လာသည့်အခါတွင် ကျွန်ုပ်သည် သေချာပေါက် ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်ဖြစ်သည်ဟု အစဉ် ယုံကြည်ခဲ့သည်။ သို့ရာတွင် အရင်တစ်ခေါက်က အစည်းအဝေးတွင် ဤအမြင်ကို ညီအစ်ကိုမောင်နှမတို့အပေါ် တိုက်တွန်းသည့်အခါ အစ်ကိုဝူက မေးခွန်းတစ်ခုမေးသည်။ “သခင်ယေရှုက ပြောခဲ့တယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကို ဆောင်တဲ့သူသာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရမယ်ဆိုတာ သခင့်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ သခင်က ကျွန်တော်တို့ကို ရိုးသားပြီး နှိမ့်ချစေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြဖို့ အလိုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှောက်မှာ လိမ်လည်မှုတွေ၊ လည့်စားမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတို့၊ ကျွန်တော်တို့ဟာ ကိုယ့်ထက်ပိုပြီး ကောင်းစွာဟောကြားသူတွေကို မနာလိုဖြစ်ကြတယ်။ ကျွန်တော်တို့ရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ သခင့်အလိုတော်နဲ့ဆန့်ကျင်နေတယ်လို့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက ထောက်ပြတဲ့အခါမှာ ကျွန်တော်တို့ဟာ မာနကြီးပြီး လက်မခံတာတွေ ဖြစ်နေကြဆဲပဲ။ ပြီးတော့ တစ်ခါတလေမှာ ကျွန်တော်တို့စိတ်နှလုံးမှာ မုန်းတီးမှုတွေတောင် ရှိကြတယ်။ ကျွန်တော်တို့ဟာ သခင့်ရှေ့တော်မှောက်မှာ နောင်တရပြီး ဝန်ချပြီးနောက်မှာတောင်မှ ကိုယ်တိုင်သတိမမူမိဘဲ အပြစ်တွေလုပ်ရင်းနဲ့ သခင့်နှုတ်ကပတ်တော်ကို အမြဲတမ်းပဲ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြဘူး။ ကျွန်တော်တို့က ကောင်းကင်ဘုံက ကျွန်တော်တို့အဖရဲ့အလိုတော်ကို လုပ်ဆောင်ခြင်း မရှိကြသေးဘူးလို့ ထင်ပါတယ်။ ဒါကြောင့် သခင်ပြန်ကြွလာတဲ့အခါမှာ ကျွန်တော်တို့လို လူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ပါ့မလား။” သူပြောသကဲ့သို့ ကျွန်ုပ်တို့သည် မကြာခဏပင် အပြစ်တရားတွင် ချည်နှောင်ခံရဆဲ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ရောမသြဝါဒစာတွင် ပြောထားသည်။ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၁၀-၁၁) သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် သေဆုံးခဲ့သည့်အခါ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးစေခဲ့ပြီး ကျွန်ုပ်တို့၏ အပြစ်တို့ကို ခွင့်လွှတ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်သားများအဖြစ် မမြင်တော့ပေ။ ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရာရာကို စွန့်လွှတ်ပြီး သခင့်အတွက် ကြိုးစားလုပ်ကိုင်သရွေ့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရမည်။ ဤသည်မှာ သခင်၏ ကတိတော်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ တစ်မျိုးမမြင်သင့်သလို ကျွန်ုပ်တို့အားထုတ်သည့် ပုံစံကိုလည်း သံသယမဖြစ်သင့်ပါဟု အစ်ကိုဝူအား ပြောပြခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့၏ အရင်တစ်ခေါက် အစည်းအဝေးတွင် အချိန်မရှိတော့သောကြောင့် ဤပြဿနာအား အသေအချာ မဆွေးနွေးခဲ့ရပေ။ ယခုအစည်းအဝေးတွင် ဤပြဿနာကို ကျွန်ုပ် ရှင်းလင်းအောင် ပြုလုပ်ရမည်။ ကျွန်ုပ် အစည်းအဝေးတံခါးမှ ဝင်လာသည်နှင့်တပြိုက်နက် အစ်ကိုဝူနှင့် လုပ်ဖော်ကိုင်ဖက် အချို့တို့မှာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုဆွေးနွေးနေကြသည်ကို ကျွန်ုပ်ကြားရသည်။ ကျွန်ုပ်ကို တွေ့သည့်အခါ အစ်ကိုဝူက လေးနက်စွာပြောသည်။ “အစ်ကိုကျောင် ကျွန်တော်တို့ အရင်တစ်ခေါက်တုန်းက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းနဲ့ပတ်သက်ပြီး သမ္မာတရားကို မဆွေးနွေးခဲ့ကြဘူး။ ဒီနေ့ ကျွန်တော် အဲဒီအကြောင်းကို ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုလုပ်ချင်ပါတယ်။” ထို့နောက်တွင် ကျွန်ုပ်သည် သူတို့ထဲသို့ ဝင်ပြီး ထိုင်လျှက်ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒီအကြောင်းအရာကို ဒီနေ့ ဆွေးနွေးကြတာပေါ့။ အစ်ကို့ရဲ့အမြင်ကို အရင် မျှဝေနိုင်မလား။”
အစ်ကိုဝူသည် နိဒါန်းပျိုးမနေတော့ဘဲ ပြောလိုက်သည်။ “ကယ်တင်ခြင်းခံရတာနဲ့ ကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်ခြင်းဟာ မတူညီဘူးလို့ ကျွန်တော်ထင်တယ်။ ကယ်တင်ခြင်းခံရတယ်ဆိုတာ ပညတ်တော်ရဲ့စီရင်ခြင်းကနေ လွှတ်ကင်းတာကို ရည်ညွှန်းပြီး အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတာကို ရည်ညွှန်းပါတယ်။ ဒါပေမဲ့ ကယ်တင်ခြင်းခံရသူတွေဟာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်နေနိုင်သေးတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်တဲ့သူတွေကတော့ ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကို ဆောင်သောသူ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တို့ကို နာခံသောသူတွေသာ ဖြစ်ရပါမယ်။ သူတို့ဟာ ဘုရားသခင်ကို သိပြီး ဆက်ကပ်တဲ့သူတွေ၊ ဘုရားသခင်နဲ့ လိုက်လျောညီထွေရှိသူတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အမြင်မှာ ကယ်တင်ခြင်းခံရခြင်းနဲ့ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းက မတူညီတဲ့အကြောင်းအရာနှစ်ခုဖြစ်ပါတယ်။ သခင်ယေရှုကပြောခဲ့တယ်။ ‘ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။’ (ရှင်မဿဲ ၂၂:၁၄) ကျွန်တော် မကြာခဏပဲ တွေးတောခဲ့ပါတယ်။ ခေါ်တော်မူသောသူဆိုတာ ခွင့်လွှတ်ခြင်းခံရသူတွေကို ရည်ညွှန်းတာဖြစ်ပြီး ရွေးကောက်တော်မူသောသူ ဆိုတာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရတဲ့သူတွေ ဖြစ်ဖို့များတယ်။ ဆိုလိုတာကတော့ လူအများကြီး ကယ်တင်ခြင်းခံရတယ်။ ဒါပေမဲ့ ကောင်းကင်နိုင်ငံတော်ကို အနည်းငယ်ပဲ ဝင်ရောက်တယ်။” အစ်ကိုဝူပြောပြီးသည်နှင့် တပြိုက်နက် အစ်ကိုဝမ်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။ “အစ်ကိုဝူပြောတာ တော်တော်အကျိုးအကြောင်းသင့်တယ်။ သခင်ယေရှုကပြောခဲ့တယ်။ ‘ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁:၁၂) ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းဟာ ကျွန်တော်တို့ စိတ်ကူးထင်မြင်သလို လွယ်ကူမယ်လို့ ကျွန်တော်မထင်ဘူး။ သခင့်ရဲ့လမ်းနောက်ကို တက်ကြွစွာလိုက်လျှောက်ခြင်းသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်။” အစည်းအဝေးတွင် ရှိနေသော ညီအစ်ကိုမောင်နှမတို့သည် ဤအကြောင်းကို ပြောဆိုကြလျှက် ဤသို့ပြောသည်။ “အစ်ကိုဝူရဲ့ စကားတွေက အသိအမြင်ရှိပြီး အလင်းရစေတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းက ကျွန်တော်တို့ စိတ်ကူးထင်မြင်သလို လွယ်ကူမယ့်ပုံမပေါ်ဘူး။” သူတို့ပြောကြတာတွေကို ကြားသည့်အခါတွင် ကျွန်ုပ် တွေးမိသည်။ “သခင့်အတွက် ငါတို့ စွန့်လွှတ်အနစ်နာခံတာတွေက ကောင်းကင်ဘုံကအဖရဲ့ အလိုတော်ကို လိုက်လျှောက်ခြင်းမဟုတ်ဘူးလား။ ငါတို့က ကောင်းကင်နိုင်ငံတော်ကို ဘာလို့ မဝင်နိုင်ရမှာလဲ။” ထို့ကြောင့် ကျွန်ုပ်သည် သူတို့ကို ခိုင်မာစွာ ချေပလိုက်သည်။ “အစ်ကိုဝူ၊ အစ်ကိုကျောင်၊ အစ်ကိုတို့ပြောတာက မှန်ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်နိုင်ခင်မှာ ကောင်းကင်ဘုံကအဖရဲ့ အလိုတော်ကို လိုက်လျှောက်ရမယ်။ ကျွန်တော်တို့ဟာ သခင့်အမှုတော်အတွက် အရာရာကို စွန့်လွှတ်ရင်းနဲ့ ပေါလုကို အတုယူနေကြပါတယ်။ ညီအစ်ကို မောင်နှမ တော်တော်များများက သခင့်အတွက် သူတို့ရဲ့တစ်ဘဝလုံးကို ပေးဆပ်ပြီး တစ်ခါမှ အိမ်ထောင်ပြုခြင်းမရှိကြဘူး။ တချို့က ဧဝံဂေလိတရားကို ဟောတဲ့အခါမှာ လှောင်ပြောင်ခြင်း၊ စော်ကားခြင်းတို့ကို ခံယူရတယ်။ နောက်ပြီး တချို့ဆိုရင် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးခြင်းကိုတောင်ခံရတယ်။ ဒါပေမဲ့ ထောင်ကလွတ်လာပြီးတဲ့နောက်မှာ သခင့်ကို ဆက်လက်ပြီး အစေခံလျှက်ပါပဲ။ ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် တောတော် ဒုက္ခခံခဲ့ပြီး အများကြီးပေးဆပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့က ကောင်းကင်နိုင်ငံက အဖရဲ့အလိုတော်ကို လုပ်ဆောင်နေတာ မဟုတ်ဘူးလား။ ကျွန်တော်တို့က ဒီနည်းလမ်းအတိုင်း ဆက်ပြီး အားထုတ်ကြိုးပမ်းရင် ကောင်းကင်နိုင်ငံတော်ကို သေချာပေါက်ဝင်ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါ သံသယဖြစ်စရာ မရှိပါဘူး။” အချို့ ညီအစ်ကိုမောင်နှမတို့သည် ကျွန်ုပ်၏ စကားတို့ကို သဘောတူလျှက် ခေါင်းညိတ်ကြပြီး အစ်ကိုဝူနှင့် အစ်ကိုကျောင်တို့မှာ အနည်းငယ် မျက်မှောက်ကျုံ့လျှက် တိတ်ဆိတ်နေသည်။ ကျွန်ုပ် ဤသို့ တွေးလိုက်သည်။ “ကျွန်တော်က နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်ပြီး အလုပ်လုပ်ခဲ့တာဆိုတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းကိစ္စမှာ ကျွန်တော်က အစ်ကိုတို့ထက်ပိုပြီး မသိနိုင်ဘူးလား။” ကျွန်ုပ် ဆက်ပြောမည်အလုပ်တွင် ကျွန်ုပ်၏ ညီဖြစ်သူသည် ရုတ်တရက်ပြောသည်။ “ကျွန်တော် အစ်ကို့ရဲ့အမြင်ကို လက်မခံဘူး။ သမ္မာကျမ်းစာတစ်ခုလုံးမှာ အရာအားလုံးကို စွန့်လွှတ်ပြီး သခင်ယေရှုအတွက် ကြိုးပမ်းလုပ်ကိုင်တယ်ဆိုရင် သူဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရမယ်လို့ သခင်ယေရှုက တစ်ခါမှ မပြောခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိမြင်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ သခင်ယေရှုက ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။’ လို့ပြောခဲ့တယ်။ ဒီအချက်ကနေ ကောင်းကင်ဘုံက ကျွန်တော်တို့အဖရဲ့ အလိုတော်ကို လိုက်လျှောက်ခြင်းကသာ ယုံကြည်သူတစ်ယောက် အနေနဲ့ ကောင်းကင်ဘုံကိုဝင်ရောက်ဖို့ စံသတ်မှတ်ချက်ပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိနိုင်ပါတယ်။ ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကို အမှန်တကယ် လိုက်လျှောက်သူတွေဟာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အပြည့်နဲ့ စိတ်ဓါတ်အင်အားအပြည့်နဲ့ချစ်သူတွေ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ သန့်ရှင်းမှုကို ရရှိပြီး အပြစ်မလုပ်တော့ပါဘူး။ ပြီးတော့ ဒီလိုလူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါတယ်။” “မှန်တယ်။” အကိုဝူက ထောက်ခံသည်။ “သခင်ယေရှုက ‘ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့။’ (ရှင်မဿဲ ၂၅:၄၆) လို့ပြောခဲ့ပါတယ်။ ဒါဟာ ဖြောင့်မတ်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ နေရမယ်ဆိုတဲ့ သက်သေပါပဲ။ ဒီနေရာမှာ ဖြောင့်မတ်တဲ့သူတွေဆိုတာ ‘ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း’ ဖြစ်တဲ့ သူတွေကို ရည်ညွှန်းတာမဟုတ်ဘဲ ဖြောင့်မတ်ခြင်းကို ပြုလုပ်ပြီး အပြစ်မပြုတော့တဲ့သူတွေကို ရည်ညွှန်းတာပါ။ ကျွန်တော်တို့က အခု သခင့်အမှုတော်အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ပေမဲ့ ကျွန်တော်တို့ဟာ အပြစ်ပြုလုပ်ဆဲဖြစ်ပြီး အမှန်တကယ် ဖြောင့်မတ်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်ဘူး။” သူတို့စကားများအား ကျွန်ုပ် လက်မခံဘဲ “ဒီနှစ်တလျှောက်လုံးမှာ ငါတို့က ပေါလုရဲ့ စကားတွေအတိုင်း ပြုမူဆောင်ရွက်နေကြတာ။ ပေါလုရဲ့ စကားတွေက ဘယ်လိုများ မှားနိုင်မှာလဲ။” ဟု တွေးမိနေသည်။ ထို့နောက် ကျွန်ုပ်၏ အသံကိုမြှင့်ပြီး လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက ကျွန်တော်တို့ကို လမ်းပြပြီးဖြစ်ပါတယ်။ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။’ (တိမောသေသြဝါဒစာ ဒုတိယစောင် ၄:၇-၈) ဧဝံဂေလိတရားကို ကျွန်တော်တို့ ဖြန့်ဝေတဲ့အခါမှာ ခက်ခဲပင်ပန်းစွာလုပ်ကိုင်ပြီး ဒုက္ခခံကြတဲ့အခါမှာ၊ ယုံကြည်ခြင်းကို ထိန်းသိမ်းထားတဲ့အခါမှာ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံက ကျွန်တော်တို့ရဲ့အဖ အလိုတော်ကို လိုက်လျှောက်နေတယ်ဆိုတာ ပေါလုရဲ့ စကားတွေက လုံလောက်စွာ သက်သေခံနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ သေချာပေါက် ဖြောင့်မတ်ခြင်း သရဖူကိုရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်မှာပါ။” အကိုလျူနှင့် လုပ်ဖော်ကိုင်ဖက်အနည်းငယ်သာ ကျွန်ုပ်အား ထောက်ခံပြီး အခြား ညီအစ်ကိုမောင်နှမများမှာ အချင်းချင်း အပြန်အလှန် ကြည့်နေကြသည်။ ထိုအချိန်ခဏတွင် အစည်းအဝေး၌ တင်းမာမှုတစ်ခု လွှမ်းမိုးလာခဲ့သည်။ ထို့နောက် အစ်ကိုဝူက ကျွန်ုပ်ကို ပြောသည်။ “အားတော့နာပါတယ်။ ဒါပေမဲ့ အစ်ကိုပြောတာက သခင့်အလိုတော်အတိုင်းဖြစ်တယ်လို့ ကျွန်တော် မမြင်ဘူး။ အဲဒီအချိန်တုန်းက ဖာရိရှဲတွေဟာ ဘုရားကျောင်းထဲမှာ ယေဟောဝါဘုရားသခင်ကို နှစ်ပေါင်းများစွာ အစေခံခဲ့တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ သူတို့လည်း ကုန်းပေါ်၊ ရေပေါ်တွေမှာ ခရီးသွားခဲ့ကြပြီး နေရာတိုင်းမှာ ဧဝံဂေလိတရားဖြန့်ဝေဖို့ ဒုက္ခတွေ အများကြီးခံခဲ့ကြတယ်။ နောက်ပြီး အပေါ်ယံမှာ ကောင်းမွန်တဲ့ အပြုအမူတချို့ ရှိခဲ့ကြတယ်။ ဒါပေမဲ့ သခင်ယေရှု ကြွလာပြီး အမှုတော်ကို ဆောင်ရွက်တဲ့အခါမှာ သူတို့က ဘုရားသခင်ကို ဆန့်ကျင်ဆဲဖြစ်ပြီး သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခဲ့ကြတယ်။ ဒါက အပြင်ပန်းကနေ ဒုက္ခခံခြင်းနဲ့ ကောင်းမွန်တဲ့ အပြုအမူတွေဟာ ကောင်းကင်ဘုံက ကျွန်တော်တို့အဖရဲ့ အလိုတော်ကို လိုက်လျှောက်ခြင်းကို ကိုယ်စားမပြုသလို ဘုရားသခင်ကို သိပြီး ဆက်ကပ်ခြင်းကိုလည်း ကိုယ်စားမပြုပါဘူး။ ဒီလိုပဲ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ ဒုက္ခခံပြီး သခင့်အတွက် အသုံးတော်ခံကြတယ်။ အပြင်ပန်းမှာ ကောင်းမွန်တဲ့ အပြုအမူတချို့ ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အပြစ်တရားထဲမှာ ရှင်သန်ဆဲပဲ။ စိတ်ကြီးဝင်ပြီး ဖောက်ပြန်ဆဲပဲ။ တစ်ကိုယ်ကောင်းဆန်ဆဲပါပဲ။ ကျွန်တော်တို့ အယူအဆတွေနဲ့ မကိုက်ညီတဲ့အရာတွေကို ကြုံရတဲ့အခါမှာ ကျွန်တော်တို့က ဘုရားသခင်ကို မကျေမနပ်ညည်းညူနိုင်ဆဲဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဆိုးယုတ်တဲ့ လောကခေတ်ရေစီးကြောင်းကအရာတွေကိုလိုက်ပြီး ဘုရားသခင်ကိုတောင် သစ္စာဖောက်နိုင်ကြပါတယ်။ ကျွန်တော်တို့ ဒီလိုအသက်ရှင်နေထိုင်ပုံမျိုးကို ကြည့်ရင် ကျွန်တော်တို့ဟာ ကောင်းကင်ဘုံက ကျွန်တာ်တို့အဖရဲ့အလိုတော်ကို လိုက်လျှောက်သူတွေ မဟုတ်ကြသေးပါဘူး။” ညီအစ်မောင်နှမအားလုံးတို့သည် တီးတိုးပြောဆိုလျှက် ထောက်ခံကြပြီး “မှန်တယ်။ ဒါ အဓိပ္ပါယ်ရှိတာပဲ။” ဟုပြောဆိုကြသည်။ ကျွန်ုပ်သည် သူ၏ ပြန်လည်တုံ့ပြန်မှုကြောင့် အရှက်ရလျှက် စိတ်တိုပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် ပေါလုပြောသလို ကြိုးစားလုပ်ကိုင်ခြင်းက ဘာမှားနေလို့လဲ။ ကျွန်တော်တို့က ပေါလုရဲ့ စကားအတိုင်းလိုက်နာရင် ကောင်းကင်နိုင်ငံကို သေချာပေါက်ဝင်ရမယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်တယ်။” ဤစကားကို ကြားပြီးနောက် ကျွန်ုပ်၏ ညီသည် မတ်တပ်ရပ်ပြီး ပြောသည်။ “ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းက ပေါလုရဲ့စကားကိုလိုက်နာဖို့မဟုတ်ဘဲ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို လိုက်နာဖို့ဖြစ်ပါတယ်။ ပေါလုက ကျွန်တော်တို့ကို သင်ကြားခဲ့တာက ကောင်းကင်ဘုံက ကျွန်တော်တို့အဖရဲ့အလိုတော်ကို ဘယ်လိုလိုက်လျှောက်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒါက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ သူ့ရဲ့ကိုယ်ပိုင် နည်းလမ်းတစ်ခုပါ။ နောက်ပြီး ဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို ဆန့်ကျင်နေပါတယ်။ ကျွန်တော်တို့က ပေါလုရဲ့ စကားကို သမ္မာတရားလို့ ယုံကြည်မှာလား ဒါမှမဟုတ် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်က သမ္မာတရားလို့ ယုံကြည်မှာလား။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်မှာလား ပေါလုကို ယုံကြည်မှာလား။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကသာ သမ္မာတရားဖြစ်ပါတယ်။ ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်တဲ့အတွက် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် စံသတ်မှတ်ချက်အနေနဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကိုသာ ယူသင့်ပါတယ်။ သခင်ယေရှုက ပြောခဲ့ပါတယ်။ ‘ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။’ (ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄:၆) ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ချင်ရင် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို လိုက်နာရပါမယ်။ ကျွန်တော်တို့ရဲ့ သခင်ယေရှုကသာ ကောင်းကင်နိုင်ငံတော်ရဲ့ တံခါးပေါက်၊ ကောင်းကင်နိုင်ငံတော်ရဲ့ ရှင်ဘုရင် ဖြစ်လို့ပါ။ ပေါလုက ဧဝံဂေလိတရားကိုဟောကြားတဲ့ တမန်တော်၊ ဖောက်ပြန်ပျက်စီးတဲ့လူထဲက တစ်ယောက်သက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့စကားတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ စံသတ်မှတ်ချက်မဟုတ်ပါဘူး။ သခင်ယေရှုရဲ့နှုတ်ကပတ်တော်အစား ပေါလုပြောခဲ့တာကိုပဲ ဘာဖြစ်လို့ ယုံရမှာလဲ။ပေါလုရဲ့စကားတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကိုယ်စားပြုနိုင်သလား။” ဤအချိန်တွင် အစ်ကိုဝမ်က လေးနက်စွာ တွေးတောလျှက် ပြောသည်။ “မှန်တယ်။ ပေါလုက ခရစ်တော်မဟုတ်ဘူး။ သူက ကျွန်တော်တို့လိုပဲ ဖောက်ပြန်ပျက်စီးတဲ့ လူသားတစ်ယောက်ပဲ။ နောက်ပြီး သူက ဘုရားသခင်ကို ဆန့်ကျင်ခဲ့တဲ့ အပြစ်သားတွေရဲ့ ခေါင်းဆောင်တောင်ဖြစ်ခဲ့တယ်။ သူပြောတာက လူသားရဲ့ စကားပဲ။ သမ္မာတရားမဟုတ်ဘူး။ လူသားရဲ့စကားကို သခင်ယေရှုရဲ့ နှုတ်ကပတ်တော်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ။ သခင်ယေရှုက ပေါလုရဲ့စကားဟာ သမ္မာတရားဖြစ်တယ်လို့ တစ်ခါမှ သက်သေမခံခဲ့ဘူး။ သူ့စကားတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပြခြင်းကနေ လာတယ်လို့ပဲ ကျွန်တော်တို့ ပြောနိုင်တယ်။ ဒီစကားတွေက ညီအစ်ကိုမောင်နှမတွေကို အကူအညီနည်းနည်းပါးပါး ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လုံးဝ ကိုယ်စားမပြုနိုင်ဘူး။ ကျွန်တော်တို့က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို ချီးမြှောက်ရမယ့်အစား ပေါလုပြောခဲ့တာတွေကိုပဲ ချီးမြှောက်ခဲ့တယ်။ ကျွန်တော်တို့ အတော်မိုက်မဲတာပဲ။” ဤစကားတို့ကို ကြားပြီးနောက်တွင် ကျွန်ုပ်သည် ဆွံ့အသွားခဲ့ရသည်။ သူတို့၏ နားလည်မှုသည် ကျွန်ုပ်အား အရှက်ရစေပြီး အနေရအထိုင်ရ ကျဉ်းကြပ်စေခဲ့သည်။ ကျွန်ုပ်၏ နှလုံးသားသည် ဗလောင်ဆူနေခဲ့ပြီး ကျွန်ုပ်သည် ရင်ဘတ်တွင်းမှ ဆိုးဝါးစွာ ခံစားရသည်။ အရှက်ရခြင်းကို သက်သာစေရန် ကျွန်ုပ် ရေထသောက်လိုက်သည်။ ထို့နောက် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ပြောသည်။ သူတို့ မိတ်သဟာယဖွဲ့တာတွေက တကယ်ကို လက်တွေ့ကျတာပဲ။ နောက်ပြီး ငါယုံကြည်လာတဲ့ ဒီနှစ်ကာလတလျှောက်မှာ တစ်ခါမှ မတွေးဖူးတဲ့ ပြဿနာပဲ။ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပြခြင်းများ ဖြစ်နိုင်မလား။ ဒီလိုမျိုး သန့်စင်တဲ့ နားလည်မှုကို သူတို့ တခြားဘယ်လိုများ ရနိုင်ဦးမှာလဲ။ ဤနှစ်ကာလတလျှောက်လုံးတွင် ကျွန်ုပ်သည် ဒုက္ခခံခြင်းနှင့် ကြိုးပမ်းလုပ်ကိုင်ခြင်းသည် ကောင်းကင်ဘုံမှအဖ၏ အလိုတော်ကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဤသို့ ဆက်လက် အားထုတ်ကြိုးပမ်းခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ သေချာပေါက်ဝင်ရမည်ဟု ယုံကြည်လျှက် ပေါလု၏ စကားတို့နှင့်အညီ ပြုမူဆောင်ရွက်လျှက်ရှိခဲ့သည်။ သို့ရာတွင် ယနေ့ သူတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာတို့သည် အမှန်တရားဖြစ်သည်။ ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ အလွန်စိတ်အားထက်သန်စွာ အမှုတော်ဆောင်ခဲ့သော်လည်း ကျွန်ုပ်တို့သည် အစဉ်ဖြင့် အပြစ်ပြုလုပ်ဆဲဖြစ်သည်။ အပြစ်ပြုတတ်သည့် သဘောသဘာဝဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် ဝင်ရောက်နိုင်ပါမည်လား။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းသည် ကျွန်ုပ် စိတ်ကူးထင်မြင်သကဲ့သို့ မဟုတ်သည့် ပုံစံဖြစ်နေသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အမြင်တို့ကို စွဲကိုင်ထားမည့်အစား ကျွန်ုပ်သည် ပိုပြီး ဂရုတစိုက် ရှာဖွေအားထုတ်သင့်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် မှားယွင်းသည့်လမ်းကို လိုက်လျှောက်လျှင် ကျွန်ုပ်၏ တစ်ဘဝလုံး နောင်တရရလိမ့်မည်။ ထို့နေ့တွင် အစည်းအဝေးအပြီး၌ ကျွန်ုပ်သည် အိမ်သို့ ပြန်ခဲ့ပြီး ဆက်လက်ရှာဖွေလေသည်။ ကျွန်ုပ်တို့သည် အမှန်တကယ်ပင် သခင့်အတွက် ကြိုးပမ်းလုပ်ကိုင်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်း မရှိနိုင်ပါသလော။
0 Comments
Leave a Reply. |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|