ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်မှ သူ၏အမှုကို လူကိုယ်တိုင် လုပ်ဆောင်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိရန် အထူးသဖြင့် ကောင်းသောအချိန်ဖြစ်သည်။ ဘုရားသခင်အား စိတ်ကျေနပ်စေခြင်းကို ဘုရားသခင်၏ အလိုတော်အား နားလည်မှုဟူသည့် အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းဖြင့်ရရှိပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်အလို့ငှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာအချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်ပတ်သက်သော ဤအသိပညာသည် ယုံကြည်သူတစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်အပေါ်ထားသော ယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ပါက၊ ဘုရားသခင်အပေါ် လူသား၏ယုံကြည်ခြင်းသည် မရေမရာအခြေအနေ၊ အနှစ်သာရမဲ့သော အယူအဆအလယ်တွင် တည်ရှိနေပါလိမ့်မည်။ ဤသို့သောသူများ၏ဆုံးဖြတ်ချက်မှာ ဘုရားသခင်နောက် လိုက်လျှောက်ရန်ပင်ဖြစ်စေကာမူ သူတို့သည် ဘာကိုမျှ ရရှိကြမည်မဟုတ်ပေ။ ဘာကိုမျှ မရရှိသော ဤရေစီးကြောင်းထဲတွင် ရှိသောသူအားလုံးတို့သည် သုတ်သင်ရှင်းလင်းခြင်း ခံရမည့်သူများဖြစ်သည်၊ ထိုသူတို့မှာ ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင့်အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ သင်နှင့်အတူ ကြီးမြတ်သော ရူပါရုံတစ်ခု လိုက်ပါနေသင့်သည်။ ထိုသို့မဟုတ်ပါက အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ အမှုသစ်သည် လူသားတွေးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ စည်းအပြင်ဘက်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသားကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦးမရှိပါက၊ ရူပါရုံများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းများ လုပ်ဆောင်မည့် သိုးထိန်းတစ်ဦးမရှိလျှင် လူသားတို့သည် ဤအမှုသစ်ကို လက်မခံနိုင်ပေ။ အကယ်၍ လူသားသည် ရူပါရုံများကို လက်မခံနိုင်ပါက ဘုရားသခင်၏အမှုသစ်ကို လက်မခံနိုင်ပေ။ ထို့ပြင် အကယ်၍ လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိဉာဏ်သည် အချည်းနှီးသာဖြစ်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုပ်ဆောင်ခြင်းမပြုမီတွင် သူ့အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အလိုတော်ကို သူနားလည်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်ပါလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့်အရာဖြစ်ပြီး၊ ဘုရားသခင်ကို သိရန်ကြိုးစားသောလူတိုင်းကြုံရမည့် လုပ်ငန်းစဉ်လည်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုကို သိကျွမ်းလာသည့်ဖြစ်စဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိခြင်းသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ လူ့သဘာဝကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိခြင်းတို့လည်း ပါဝင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို လူတို့နားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းကို သူတို့သိကျွမ်းလာကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံးယုံကြည်ခြင်းသို့ တိုးတက်သည့်ဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်နှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရသည့်ဖြစ်စဉ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက်မဟုတ်ဘဲ သူ့ကို ယုံကြည်ခြင်းအတွက်သာ ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်ပါက သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှုမရှိပေ၊ ထို့ပြင် သင်၏ယုံကြည်ခြင်းသည် စင်ကြယ်လာနိုင်မည် မဟုတ်ပေ၊ ဤအချက်ကို သံသယဖြစ်စရာမလိုပေ။ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့်ဖြစ်စဉ်အတွင်းတွင် အကယ်၍ သူသည် ဘုရားသခင်ကို တဖြည်းဖြည်းသိကျွမ်းလာပါက သူ၏စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာကာ သူ၏ယုံကြည်မှုသည် တိုး၍စစ်မှန်လာလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းအရာတွင် လူသားသည် အောင်မြင်သွားသောအခါ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်ပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို လူကိုယ်တိုင်လုပ်ဆောင်ခြင်းငှာ ဒုတိယအကြိမ်လူ့ဇာတိခံယူရန် ဤမျှ ကြီးမားစွာကြိုးပမ်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာစေရန်နှင့် သူ့ကို တွေ့မြင်လာစေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးအဆုံးတွင် ရရှိရမည့် နောက်ဆုံးသော ရလဒ်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်ကို တောင်းဆိုသည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့လုပ်သည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်၊ လူသားတို့သည် နောက်ဆုံး၌ သူ့ထံသို့ လုံးဝပြန်လှည့်လာစေရန် ဤအမှုကို သူပြုခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကိုချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန်အတွက် သူသည် ဘုရားသခင်ကိုသိကျွမ်းရမည်ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ရှာဖွေသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအားဖြင့်သာ လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို စစ်မှန်စွာ ရိုသေလေးမြတ်၍ နာခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံနှင့် ရိုသေလေးမြတ်ခြင်းတို့ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုတော်ကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကပင် သိကျွမ်းလာစေကာမူ၊ ထိုရှုထောင့်တစ်ခုစီအတွက် လူတို့အနေဖြင့် အဖိုးအခပေးရန်နှင့် နာခံရန်စိတ်ဆန္ဒကိုလိုအပ်ကာ ထိုအရာမပါပါက မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသားတို့၏ အယူအဆများနှင့် အလွန်ပင် တခြားစီဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို လူသားအနေဖြင့်သိရန် အလွန်ခက်ခဲကာ၊ ဘုရားသခင်ပြောဆိုလုပ်ဆောင်သော အရာအားလုံးသည်လည်း လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်နေသည်။ အကယ်၍ လူသားသည် ဘုရားသခင်နောက်သို့လိုက်လျှောက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန်စိတ်ဆန္ဒမရှိပါက လူသားသည် မည်သည့်အရာကိုမျှ ရမည်မဟုတ်ပေ။ ကမ္ဘာကြီးကို ဖန်ဆင်းချိန်မှယနေ့အထိ ဘုရားသခင်သည် လူသားနားမလည်နိုင်သော၊ လူသားအနေဖြင့် လက်ခံရန် ခက်ခဲသော အမှုများစွာကိုလုပ်ဆောင်ခဲ့ကာ၊ လူတို့၏အယူအဆများကို ကုစားရန် ခက်ခဲစေသည့် အရာများစွာကို ပြောဆိုခဲ့သည်။ သို့သော် လူတို့၌ အခက်အခဲများစွာရှိခြင်းကိုထောက်၍ ဘုရားသခင်သည် သူ၏အမှုကို တစ်ခါမျှရပ်တန့်ခဲ့ခြင်းမရှိပေ။ ထိုသို့ပြုမည့်အစား သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်နေခဲ့သည်။ ထို့ပြင် မြောက်မြားလှစွာသော “ရဲမက်များ” သည် လမ်းဘေးသို့ လဲကျခဲ့ကြသော်လည်း၊ သူသည် သူ၏အမှုကိုလုပ်မြဲလုပ်ကာ၊ သူ၏အမှုသစ်ကို နာခံရန်ဆန္ဒရှိသူ လူအုပ်စုတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲနှင့် ဆက်လက်ရွေးချယ်နေဆဲဖြစ်သည်။ သူ၌ ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ။ ထိုသို့ပြုလုပ်မည့်အစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို လက်ခံသောသူများကို တန်ဖိုးထားလေသည်။ သို့ရာတွင် သူသည် မည်သည့်ပန်းတိုင်အတွက်နှင့် သူ၏အမှုကို ဤနည်းအားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို ဖယ်ရှားသုတ်သင်ခြင်းနှင့် အခြားသူတို့ကို ရွေးချယ်ခြင်းတို့ အမြဲတမ်း ပြုလုပ်နေသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် သူ့ကိုသိကျွမ်းစေရန်နှင့် ဤနည်းအားဖြင့် သူ့အားဖြင့် ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို နာခံနိုင်သော သူများအပေါ်တွင် လုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်လင့်ကစား ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူများအပေါ် လုပ်ဆောင်ရန်မဟုတ်ပေ။ မြောက်မြားစွာသောသူများကို သူသုတ်သင်ရှင်းလင်းနေခဲ့သည့် အကြောင်းရင်းသည် ဤနေရာတွင် တည်ရှိပေသည်။ ဘုရားသခင်ကိုသိကျွမ်းလာခြင်းအတွက်သင်ခန်းစာ၏ ရလဒ်များကို တစ်ရက် သို့မဟုတ် နှစ်ရက်တည်းဖြင့် မရရှိနိုင်ပေ။ လူသားတို့အနေဖြင့် အတွေ့အကြုံများကို စုစည်းဆည်းပူးကာ၊ ဆင်းရဲဒုက္ခများကိုတွေ့ကြုံ၍၊ စစ်မှန်သောနာခံခြင်းကို ကြိုးပမ်းရရှိရန် လိုအပ်သည်။ ပထမဆုံးအနေဖြင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ စတင်လော့။ ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်တွင် မည်သည့်အရာပါဝင်သည်နှင့် ထိုအသိဉာဏ်ကို မည်သို့ရရှိနိုင်မည်နှင့် သင့်အတွေ့အကြုံများထဲတွင် ဘုရားသခင်ကို မည်သို့တွေ့နိုင်မည်တို့ကို သင့်အနေဖြင့် နားလည်ရန်မှာ အလွန်အရေးကြီးသည်။ ဤအရာသည် ဘုရားသခင်ကို မသိသေးခင်တွင် လူတိုင်းလုပ်ဆောင်ရမည့်အရာဖြစ်သည်။ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို မည်သူမျှ တစ်ကြိမ်တည်းနှင့် နားလည်သဘောပေါက်နိုင်စွမ်းမရှိပေ။ ထို့ပြင် ဘုရားသခင်၏ အလုံးစုံနှင့်ပတ်သက်သော အသိဉာဏ်ကို အချိန်တိုအတွင်း မည်သူမျှမရရှိနိုင်ပေ။ လိုအပ်သည့် အတွေ့အကြုံဖြစ်စဉ်ရှိပြီး၊ ထိုဖြစ်စဉ်မပါပါက မည်သူမျှ ဘုရားသခင်ကို သိကျွမ်းခြင်း သို့မဟုတ် သူ့နောက်သို့ စိတ်ရင်းအမှန်ဖြင့် လိုက်ခြင်းပြုနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် အမှုကို ပိုလုပ်ဆောင်လေ၊ လူသားမှ သူ့ကိုပိုသိလေဖြစ်သည်။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် ကွဲလွဲမှုရှိလေ၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိဉာဏ်သည် အသစ်ပြုပြင်ခြင်း ခံရလေ၊ ပိုမိုလေးနက်လာလေဖြစ်သည်။ အကယ်၍ ဘုရားသခင်၏အမှုသည် အစဉ်အမြဲ တသမတ်တည်းဖြစ်ပြီး မပြောင်းလဲပါက၊ လူသား၏ ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်မှာ သိပ်ရှိမည်မဟုတ်ပေ။ ဖန်ဆင်းခြင်းနှင့် မျက်မှောက်ကာလကြားတွင် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အရာ၊ ကျေးဇူးတော်ခေတ်အတွင်း သူပြုခဲ့သောအရာနှင့် နိုင်ငံတော်ခေတ်တွင် သူပြုသည့်အရာ၊ စသည့်ရူပါရုံများအကြောင်းကို သင်တို့အနေဖြင့် ရှင်းလင်းစွာ သိရမည်။ သင်တို့သည် ဘုရားသခင်၏အမှုကို သိရမည်။ ယေရှုနောက်သို့လိုက်သည့်အခါမှသာ ပေတရုသည် ယေရှုအတွင်းလုပ်ဆောင်ခဲ့သည့် ဝိညာဉ်တော်၏ အမှုများစွာအကြောင်းကို တဖြည်းဖြည်း သိကျွမ်းလာခဲ့သည်။ “လူ၏အတွေ့အကြုံများပေါ်တွင် မှီခိုအားထားခြင်းသည် အသိဉာဏ်အပြည့်အဝကိုရရှိရန် မလုံလောက်ပေ၊ ဘုရားသခင်ကိုသိရှိရန် ကူညီပေးမည့် အသစ်သောအရာများ ဘုရားသခင်၏အမှုအတွင်းတွင် များစွာ ရှိရပေမည်” ဟု သူပြောခဲ့သည်။ ကနဦးတွင် ပေတရုက ယေရှုကို တမန်တော်တစ်ပါးကဲ့သို့ ဘုရားသခင်၏ စေလွှတ်ခြင်းခံရသောသူဟု ယုံကြည်ခဲ့ပြီး၊ ယေရှုကို ခရစ်တော်အဖြစ် သူမမြင်ခဲ့ပေ။ ဤအချိန်တွင် ယေရှုနောက်သို့ သူစတင်လိုက်လျှောက်ခဲ့သည့်အခါ ယေရှုက သူ့ကို “ရှိမုန်၊ ယောန၏သား။ သင်ငါ့နောက်သို့ လိုက်မည်လော” ဟု မေးခဲ့သည်။ ပေတရုက “ကောင်းကင်ဘုံရှင်ခမည်းတော်မှပို့တော်မူသော သူနောက်သို့ ကျွန်ုပ်လိုက်ပါမည်။ သန့်ရှင်းသောဝိညာဉ်တော်မှ ရွေးချယ်ထားသောသူကို ကျွန်ုပ်အသိအမှတ်ပြုရပါမည်။ ကိုယ်တော်နောက်သို့ ကျွန်ုပ်လိုက်ပါမည်” ဟုဖြေကြားခဲ့သည်။ သူ၏ပြောစကားများကိုကြည့်ခြင်းအားဖြင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ မည်သည့်အသိဉာဏ်မျှမရှိသည်ကို တွေ့နိုင်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခဲ့ရပြီး၊ သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခဲ့ကာ၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခံစားခဲ့ဖူးသည်။ သို့သော်လည်း သူသည် ဘုရားသခင်၏အမှုကိုမသိရှိခဲ့ပေ။ တွေ့ကြုံမှုကာလတစ်ခု ကြာမြင့်ပြီးနောက်တွင် ပေတရုသည် ယေရှုထဲ၌ ဘုရားသခင်၏လုပ်ဆောင်ချက်များစွာကို မြင်တွေ့ခဲ့သည်၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို သူမြင်တွေ့ခဲ့ပြီး၊ ယေရှုအထဲ၌ ဘုရားသခင်၏ဖြစ်ခြင်းကို များစွာ သူမြင်တွေ့ခဲ့သည်။ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို လူသားအနေဖြင့် ပြောကြားနိုင်မည်မဟုတ်ကြောင်းနှင့် ယေရှုပြုခဲ့သော၏ အမှုကို လူသားအနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ပေတရုတွေ့မြင်ခဲ့သည်။ ယေရှု၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအတွင်းတွင် ပေတရုသည် ဘုရားသခင်၏ ဉာဏ်ပညာများစွာနှင့် ဘုရားသဘောသဘာဝ၏ အမှုများစွာတို့ကို တွေ့မြင်ခဲ့သည်။ သူ၏အတွေ့အကြုံများထဲတွင် ပေတရုသည် မိမိကိုယ်ကို ပြန်လည်သိရှိလာခဲ့ရုံသာမက ယေရှု၏လုပ်ဆောင်ချက်တိုင်းကို အလေးအနက် အာရုံစိုက်ခဲ့ပြီး ထိုမှတစ်ဆင့် အသစ်သောအရာများစွာကို သူရှာဖွေတွေ့ရှိခဲ့သည်။ အတိအကျပြောရသော် ယေရှုအားဖြင့် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုထဲတွင် လက်တွေ့ကျသော ဘုရားသခင်၏ ထုတ်ဖော်မှုများ များစွာရှိခဲ့ပုံ၊ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များ၊ သူပြုခဲ့သော လုပ်ဆောင်ချက်များအပြင် အသင်းတော်များကို သူအုပ်ထိန်းခဲ့သည့် နည်းလမ်းနှင့် သူလုပ်ဆောင်ခဲ့သော အမှုတို့တွင် ယေရှုသည် သာမန်လူသားနှင့် ကွာခြားပုံ အစရှိသည်တို့ဖြစ်သည်။ ထို့ကြောင့် ယေရှုထံမှ ပေတရုသည် သူသင်ယူသင့်သော သင်ခန်းစာများစွာကိုသင်ယူခဲ့ရပြီး၊ ယေရှုကားတိုင်ပေါ်တွင် သံမှိုဖြင့်ရိုက်ခြင်းခံရခါနီးအချိန်၌ သူသည် ယေရှုနှင့်ပတ်သက်သော အသိဉာဏ်ပမာဏ အချို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုအသိဉာဏ်သည် သူ၏ယေရှုအပေါ် ရာသက်ပန်သစ္စာစောင့်သိမှုနှင့် သခင့်အတွက် ကားတိုင်ပေါ်တွင် ဇောက်ထိုးကားစင်တင် အသေခံရန်တို့အတွက် အခြေခံဖြစ်လာခဲ့သည်။ သူ၌ အစတွင် အယူအဆအချို့ရှိခဲ့ပြီး ယေရှုနှင့်ပတ်သက်သော ရှင်းလင်းသည့် အသိဉာဏ်မရှိခဲ့သော်လည်း ထိုသို့သောအရာများသည် ဖောက်ပြန်ပျက်စီးနေသော လူသား၏ မလွဲဧကန် အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ သူခွဲခွာခါနီးအချိန်တွင် ယေရှုက ပေတရုကို ကားတိုင်ပေါ်တွင် သူအသေခံခြင်းသည် သူလာရောက်လုပ်ဆောင်သည့် အမှုဖြစ်ကြောင်းပြောခဲ့သည်။ သူသည် ထိုခေတ်ကာလ၏ စွန့်ပယ်ခြင်းကို ခံရရန်နှင့် ဤမသန့်ရှင်းသော ခေတ်ကာလဟောင်းသည် သူ့ကို ကားတိုင်တွင် သံမှိုရိုက်၍တင်ကြရန် လိုအပ်ခဲ့သည်။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်လာခဲ့ခြင်းဖြစ်ပြီး၊ ဤအမှုပြီးမြောက်သည်နှင့် သူ၏သာသနာသည် အဆုံးသတ်မည်ဖြစ်သည်။ ဤအကြောင်းကို ကြားသိရပြီးနောက် ပေတရုသည် ဝမ်းနည်းပူဆွေးပြီး ယေရှုနှင့် သာ၍ပင် အဖော်အဆက်ပြုလာခဲ့သည်။ ယေရှုသည် ကားတိုင်ပေါ် သံမှိုရိုက်ခံခဲ့ရသောအခါ ပေတရုသည် တစ်ကိုယ်တည်း အသည်းအသန် ငိုယိုခဲ့သည်။ ဤမတိုင်မီက ပေတရုသည် ယေရှုကို “ကျွန်ုပ်၏သခင်၊ ကိုယ်တော်သည် ကားစင်တင်ခြင်းခံရတော့မည်ဟု ကိုယ်တော်ပြောသည်။ ကိုယ်တော်ထွက်သွားပြီးသည့်နောက် မည်သည့်အချိန်တွင် ကျွန်ုပ်တို့ ကိုယ်တော့်ကိုထပ်မံတွေ့ရမည်နည်း” ဟုမေးခဲ့သည်။ သူပြောခဲ့သောစကားလုံးများထဲတွင် ဖောက်ပြန်မှု၏ အရိပ်လက္ခဏာများ ရှိနေခဲ့သည်မဟုတ်လော။ ၎င်းတို့အထဲတွင် အယူအဆများ ရောနှောနေခဲ့သည်မဟုတ်လော။ သူ၏နှလုံးသားထဲတွင် ယေရှုသည် ဘုရားသခင်အမှု၏ အပိုင်းတစ်ပိုင်းကို ပြီးမြောက်စေရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး၊ ယေရှုထွက်ခွာသွားပြီးနောက် ဝိညာဉ်တော်သည် သူနှင့်အတူ ရှိနေလိမ့်မည်ကို သူသိခဲ့သည်၊ ယေရှုသည် ကားတိုင်ပေါ်တွင် အသက်အသေခံကာ ကောင်းကင်သို့ ပြန်လည်ကြွချီသွားလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်၏ဝိညာဉ်တော်သည် သူနှင့်အတူရှိနေမည်ကို သူသိထားသည်။ ထိုအချိန်တွင် ပေတရု၌ ယေရှုနှင့်ပတ်သက်သော အသိဉာဏ်အချို့ရှိနေခဲ့သည်၊ ယေရှုကို ဘုရားသခင်၏ဝိညာဉ်တော်မှ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အတွင်း၌ ရှိနေကြောင်းနှင့် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သူသိထားပြီးဖြစ်သည်။ သို့ရာတွင် ယေရှုအပေါ်ထားသော သူ၏ချစ်ခြင်းမေတ္တာနှင့် သူ၏ လူသားအားနည်းမှုတို့ကြောင့် ပေတရုသည် ထိုသို့သော စကားများကိုပြောခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ အမှုအဆင့်တိုင်းတွင် တစ်စုံတစ်ဦးသည် စောင့်ကြည့်ပြီး ဒုက္ခသုခခံ၍ တွေ့ကြုံနိုင်သည်ဆိုပါက ထိုသူသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာနိုင်မည် ဖြစ်သည်။ ပေါလုသည် သူ၏ရူပါရုံကို မည်သည့်အရာဟု မှတ်ယူခဲ့သနည်း။ ယေရှုသည် သူ့ထံပေါ်လာစဉ်က ပေါလုသည် “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု မေးလျှောက်လျှင် ယေရှုက “ငါကား သင်ညှင်းဆဲသော ယေရှုဖြစ်သတည်း” ဟု ဖြေကြားခဲ့သည်။ ဤသည်မှာ ပေါလု၏ရူပါရုံဖြစ်ခဲ့သည်။ ပေတရုသည် ယေရှုရှင်ပြန်ထမြောက်ခြင်း၊ ရက်ပေါင်း ၄၀ ကိုယ်ထင်ပြခြင်းနှင့် ယေရှု၏ဘဝတစ်လျှောက် သွန်သင်ချက်များကို သူ၏ရူပါရုံအဖြစ် သူ့ဘဝခရီးအဆုံးအထိ မှတ်ယူခဲ့သည်။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံပြီး၊ ကိုယ်တိုင်သိကျွမ်းလာကာ၊ သူ၏ပျက်စီးနေသော စိတ်သဘောထားကို ရှင်းရှင်းသုတ်သင်လိုက်၍၊ အသက်တာ၌ ကြီးထွားတိုးတက်ခြင်းကို ရှာခြင်းတို့အားလုံးမှာ ဘုရားသခင်ကိုသိကျွမ်းခြင်းအတွက်သာဖြစ်သည်။ အကယ်၍ သင်သည် သင့်ကိုယ်သင်သာသိရှိရန်နှင့် သင်၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ဖြေရှင်းရန်သာ ရှာဖွေပြီး၊ လူသားအပေါ် ဘုရားသခင် မည်သည့်အမှုကို လုပ်ဆောင်ကြောင်း၊ သူ၏ကယ်တင်ခြင်းသည် မည်မျှကြီးမြတ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သင်မည်ကဲ့သို့တွေ့ကြုံပုံနှင့် သူ၏လုပ်ဆောင်ချက်များကို မည်ကဲ့သို့တွေ့မြင်ခဲ့ရပုံတို့နှင့် ပတ်သက်၍ အသိဉာဏ်မရှိလျှင် သင်၏ ဤအတွေ့အကြုံသည် မိုက်မဲမှုဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ကာ ကြံ့ကြံ့ခံနိုင်ရုံမျှနှင့် ထိုသူ၏အသက်တာသည် ရင့်ကျက်မှုကို ကြိုးပမ်းရရှိပြီဟု သင်ထင်မြင်ပါက ဤသည်မှာ သင့်အနေဖြင့် ဘဝ၏စစ်မှန်သော အဓိပ္ပာယ်၊ သို့မဟုတ် လူသားကို ဘုရားသခင် အမှုပြုရခြင်း၏ ရည်ရွယ်ချက်ကို ယခုတိုင်အောင် သဘောမပေါက်သေးဟု ဆိုလိုသည်။ တစ်နေ့ သင်သည် ဘာသာရေးအသင်းတော်များထဲသို့ရောက်ရှိချိန်၊ နောင်တရသောအသင်းတော် သို့မဟုတ် အသက်တာအသင်းတော်မှ အသင်းဝင်များကြားရောက်ရှိချိန်တွင် ဆုတောင်းချက်များအတွင်း၌ “ရူပါရုံ” ပါသော ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများနှင့် မိမိတို့အသက်တာ၏ လိုက်လျှောက်ခြင်းတွင် ထိတွေ့မှုခံစားရပြီး နှုတ်ကပတ်တော်များ၏ လမ်းပြခြင်း ခံရသောသူများကို အမှတ်မထင်တွေ့ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် မြောက်မြားစွာသောကိစ္စများတွင် သူတို့သည် သည်းခံနိုင်မှုရှိကြပြီး၊ ဇာတိပကတိ၏ဦးဆောင်မှုကိုမခံဘဲ မိမိကိုယ်ကိုစွန့်လွှတ်နိုင်ကြသည်။ ထိုအချိန်တွင် သင်သည် ခြားနားမှုကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့လုပ်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအလျောက် ထုတ်ဖော်ပြသမှုဖြစ်သည်ဟု သင်ယုံကြည်မည်ဖြစ်ပြီး သူတို့ယုံကြည်သော နာမသည် မှားယွင်းနေသည်မှာ နှမြောစရာ ကောင်းလွန်းသည်ဟု သင်ထင်လိမ့်မည်။ ထိုသို့သော အမြင်များသည် မိုက်မဲသည် မဟုတ်လော။ များစွာသောလူတို့၌ အသက်တာမရှိဟု အဘယ်ကြောင့် ပြောသနည်း။ အကြောင်းမှာ သူတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး ဤအကြောင်းကြောင့် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်မရှိ၊ သူတို့တွင် အသက်တာမရှိဟု ပြောခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုသည် ဘုရားသခင်၏လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏စစ်မှန်မှုနှင့် ဘုရားသခင့်အမှု၏အဆင့်တိုင်းကို စေ့စပ်စွာ သိရှိနိုင်စွမ်းရှိသည့် အဆင့်တစ်ခုသို့ရောက်ရှိသွားချိန်တွင် သင်၌ သမ္မာတရားရှိပြီဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏အမှုနှင့် စိတ်သဘောထားကိုမသိပါက သင်၏ အတွေ့အကြုံထဲတွင် တစ်စုံတစ်ခု ချို့ယွင်းနေဆဲဖြစ်သည်။ ယေရှုသည် သူ့အမှု၏ထိုအဆင့်ကို မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်၊ ဤအဆင့်ကို မည်သို့လုပ်ဆောင်ခဲ့သည်၊ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်ကဲ့သို့လုပ်ဆောင်ခဲ့ပြီး မည်သည့်အမှုကို လုပ်ဆောင်ခဲ့သည်၊ ဤအဆင့်တွင် မည်သည့်မှုကို လုပ်ဆောင်နေသည်၊ ဤအရာများနှင့်ပတ်သက်၍ စေ့စပ်သေချာသော အသိဉာဏ် သင့်ထံ၌မရှိလျှင် သင့်အနေဖြင့် ယုံကြည်စိတ်ချရမှုကို မည်သည့်အခါမျှ ခံစားရလိမ့်မည် မဟုတ်ဘဲ အမြဲပင် မလုံမခြုံဖြစ်နေပေမည်။ အကယ်၍ တွေ့ကြုံရသည့်ကာလတစ်ခုပြီးနောက်တွင် သင်သည် ဘုရားသခင်လုပ်ဆောင်သောအမှုနှင့် သူ့အမှု၏အဆင့်တိုင်းကို သိကျွမ်းနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို ပြောခြင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ နှံ့စပ်သောအသိဉာဏ်ကို ရရှိကာ သူပြောခဲ့သော နှုတ်ကပတ်တော်များစွာသည် ပြည့်စုံခြင်းမရှိသေးသည့် အကြောင်းရင်းကို သိရှိလာပါက သင်သည် ရှေ့ဆက်လမ်းကို တွန့်ဆုတ်ခြင်းမရှိဘဲ ရဲရင့်စွာ လျှောက်လှမ်းနိုင်ကာ စိုးရိမ်ပူပန်မှုနှင့် စစ်ဆေးမှုတို့မှ ကင်းလွတ်မည်ဖြစ်သည်။ ဘုရားသခင်က သူ၏အမှုများစွာကို မည်သည့်နည်းလမ်းများဖြင့် စွမ်းဆောင်ရရှိခဲ့သည်ကို သင်တို့မြင်တွေ့သင့်သည်။ သူပြောဆိုသော နှုတ်ကပတ်တော်များကို သူအသုံးပြုကာ ခြားနားသည့် အမျိုးမျိုးသော နှုတ်ကပတ်တော်များအားဖြင့် လူသားကိုစစ်ဆေးပြီး သူ၏အယူအဆများကို အသွင်ပြောင်းလဲပေးသည်။ သင်တို့သည်းခံခဲ့သောဒုက္ခအားလုံး၊ သင်တို့တွေ့ကြုံခဲ့သောစစ်ဆေးခြင်းအားလုံး၊ သင်တို့အတွင်း၌ သင်တို့လက်ခံခဲ့ကြသော ကိုင်တွယ်ဖြေရှင်းမှု၊ သင်တို့ကြုံတွေ့ခဲ့ရသော ဉာဏ်အလင်းပေးခံရမှု၊ ဤအရာအားလုံးကို ဘုရားသခင်ပြောကြားခဲ့သော နှုတ်ကပတ်တော်များကိုအသုံးပြု၍ စွမ်းဆောင်ရရှိခဲ့ခြင်းဖြစ်သည်။ မည်သည့်အကြောင်းရင်းကြောင့် လူသားသည် ဘုရားသခင်နောက်ကိုလိုက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်ပင်တည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လျှို့ဝှက်ဆန်းကြယ်နက်ရှိုင်းလှသည့်အပြင် လူသား၏နှလုံးသားကို ထိတွေ့နိုင်ကာ ထိုနှလုံးသားအတွင်း နက်ရှိုင်းစွာမြှုပ်နှံထားသောအရာများကို ဖော်ပြနိုင်၍၊ ယခင်ကဖြစ်ပျက်ခဲ့သောအရာများကို သူ့အား သိရှိစေနိုင်ပြီး၊ သူ့ကို အနာဂတ်အား ထိုးထွင်းသိမြင်ခွင့်ကိုလည်း ပေးသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကြောင့် ဒုက္ခဆင်းရဲကို သည်းခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်လည်း စုံလင်အောင်ပြုခြင်းခံရသည်။ ထိုအချိန်မှသာ လူသားသည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြစ်သည်။ ဤအဆင့်တွင် လူသားအနေဖြင့် ပြုလုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်ဖြစ်ပြီး၊ သူ့အနေဖြင့် စုံလင်အောင်ပြုခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးခြင်း ခံရသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အခရာပင်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏အမှုဖြစ်သည်၊ ထို့အပြင် လူသားအနေဖြင့် ယနေ့သိအပ်သည့် ရူပါရုံလည်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို မည်သို့စုံလင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်အရာနည်း။ ထို့ပြင် သူ၏စိတ်သဘောထားထဲတွင် မည်သည်တို့ ပါဝင်နေသနည်း။ ဤအရာအားလုံးကို ရှင်းလင်းရမည်ဆိုလျှင် တစ်ဦးက ယင်းကို ဘုရားသခင်၏နာမပျံ့နှံ့ခြင်းဟုခေါ်ပြီး၊ တစ်ဦးက ယင်းကို ဘုရားသခင်ကို သက်သေခံခြင်းဟုခေါ်ကာ၊ တစ်ဦးက ယင်းကို ဘုရားသခင်ကိုချီးမြှောက်ခြင်းဟုခေါ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအုတ်မြစ်ကို အခြေပြုလျက် လူသားသည် အဆုံးတွင် သူ၏အသက်တာ စိတ်သဘောထား၌ အသွင်ပြောင်းလဲသွားပါလိမ့်မည်။ လူသားသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို သာ၍ကြုံရလေ၊ သူ့အနေဖြင့် ပို၍အားတိုးလေဖြစ်ပြီး၊ ဘုရားသခင်၏ အမှုအဆင့် ပို၍များပြားလေ၊ လူသားသည် စုံလင်အောင်ပြုခြင်း ပို၍ခံရလေဖြစ်သည်။ ယနေ့လူသား၏အတွေ့အကြုံတွင် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီတိုင်းသည် သူ၏အယူအဆများကို တန်ပြန်တိုက်ခိုက်ပြီး၊ အဆင့်တိုင်းသည် လူသား၏ဉာဏ်ရည်ထက် သာလွန်ပြီး သူ၏မျှော်မှန်းချက်များကို ကျော်လွန်နေသည်။ ဘုရားသခင်သည် လူသားလိုအပ်သော အရာအားလုံးကို ထောက်ပံ့ပေးပြီး ယင်းသည် လူသား၏ အယူအဆများနှင့် အဖက်ဖက်မှ ကွဲလွဲနေသည်။ သင်အားနည်းနေချိန်တွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်သည်။ ဤနည်းအားဖြင့်သာ သူသည် သင့်အသက်တာကို ထောက်ပံ့ပေးနိုင်သည်။ သင်၏အယူအဆများကို တန်ပြန်တိုက်ခိုက်ခြင်းအားဖြင့် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုကို သင်လက်ခံအောင် သူပြုပြီး၊ ဤနည်းအားဖြင့်သာ သင်၏ဖောက်ပြန်ပျက်စီးမှုကို သင်ဖယ်ရှားနိုင်မည်ဖြစ်သည်။ ယနေ့၊ တစ်ဖက်တွင် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အခြေအနေအတွင်း အမှုပြုသော်လည်း အခြားတစ်ဖက်တွင် သူသည် သာမန်လူ့သဘာဝ၏ အခြေအနေ၌ အမှုပြုသည်။ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို ငြင်းဆိုနိုင်စွမ်း သင်၌မရှိတော့သောအခါ၊ သာမန်လူ့သဘာဝ အခြေအနေအတွင်း၌ ဘုရားသခင်သည် အဘယ်အရာကို ပြုသည်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ သင်နာခံနိုင်သောအခါ၊ မည်သို့သော သာမန်ဖြစ်မှုမျိုးကိုမဆို သူထင်ရှားပြသသည်ဖြစ်ပါစေ သင်သည် နာခံနိုင်၍ နားလည်နိုင်သောအခါ၊ ထို့ပြင် အတွေ့အကြုံအမှန်ကို သင်ရရှိပြီးသွားသောအခါ၊ ထိုအခါမှသာလျှင် သူသည် ဘုရားသခင်ဖြစ်ကြောင်း သင်စိတ်ချနိုင်ပြီး၊ ထိုအခါမှသာလျှင် သင်သည် အယူအဆများ ထုတ်လုပ်ခြင်းကို ရပ်တန့်ကာ၊ ထိုအခါမှသာလျှင် သင်သည် အဆုံးတိုင်အောင် သူ့နောက်လိုက်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုတွင် ဉာဏ်ပညာရှိ၏။ လူသားမှ သူ၏ သက်သေအဖြစ် မည်သို့ခိုင်မာစွာရပ်တည်နိုင်မည်ဆိုသည်ကို သူသိသည်၊ ထို့ပြင် လူသား၏အဓိကအားနည်းချက် မည်သည့်နေရာတွင်ရှိသည်ကို သူသိ၏။ သူပြောဆိုသော နှုတ်ကပတ်တော်များသည် သင်၏အဓိကအားနည်းချက်ကို တိုက်ခိုက်နိုင်သည်။ သို့သော် သူ့အတွက် သက်သေအဖြစ် သင်ခိုင်မာစွာရပ်တည်စေရန်အတွက် သူသည်ခံ့ညားထည်ဝါပြီး အမြော်အမြင်ရှိသော နှုတ်ကပတ်တော်များကိုလည်း အသုံးပြုသည်။ ဤသည်တို့မှာ ဘုရားသခင်၏ အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်ပြုသော အမှုသည် လူသား၏အသိဉာဏ်အတွက် မတွေးတတ်အောင်ပင်ဖြစ်သည်။ ဇာတိပကတိဖြစ်သော ထိုလူသား၌ မည်သို့သော ဖောက်ပြန်ပျက်စီးမှုမျိုးရှိသည်၊ လူသား၏အနှစ်သာရတွင် မည်သည်တို့ပါဝင်သည်၊ စသည့်အရာများ အားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် ဖော်ထုတ်ခြင်းခံရပြီး လူသားကို သူ၏အရှက်တရားမှ ပုန်းကွယ်ရန်နေရာမရှိအောင် ဖြစ်စေသည်။ လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။ လူသား၏ စိတ်သဘောထားပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့် အမှုအမျိုးမျိုးအားဖြင့် ရရှိသည်။ သူ၏စိတ်သဘောထားတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများမရှိဘဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်ခြင်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို လွတ်အောင်ရုန်းခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားသခင့်အမှု၏ စံပုံစံနှင့် နမူနာ၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဧကန်အမှန်ဖြစ်လာကြောင်းကို ညွှန်ပြသည်။ ယနေ့ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် ကမ္ဘာကြီးပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ လူသားအနေဖြင့် သူနှင့်ပတ်သက်သော အသိဉာဏ်၊ သူ့အပေါ် နာခံခြင်း၊ သူ့အတွက် သက်သေခံခြင်းတို့ကို ရရှိရန် သူတောင်းဆိုသည်။ သူ၏ လက်တွေ့ကျပြီး သာမန်ဖြစ်သော အမှုကိုသိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးကိုလည်းကောင်း၊ လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်ခဲ့သော လုပ်ဆောင်ချက်များ အားလုံးကိုလည်းကောင်း သက်သေခံရန် သူတောင်းဆိုသည်။ ဘုရားသခင်အတွက် သက်သေခံသောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ရှိရမည်။ ဤကဲ့သို့သော သက်သေခံချက်သည်သာလျှင် တိကျပြီး စစ်မှန်ကာ ဤကဲ့သို့သော သက်သေခံချက်ကသာလျှင် စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့် သူ့အား သိကျွမ်းလာသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ထိုနည်းတူ မိမိတို့၏စိတ်သဘာထားကို ပြောင်းလဲထားသူများနှင့် ထိုသို့အားဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိထားသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် အလိုမရှိသကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံထားရသော စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း မလိုအပ်ပေ။ ဘုရားသခင်ကို သိသောသူများသာလျှင် သူ့ကို သက်သေခံရန်အရည်အချင်းမီပြီး၊ မိမိတို့၏စိတ်သဘောထားအတွင်း အသွင်ပြောင်းလဲထားသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန် အရည်အချင်းမီသည်။ ဘုရားသခင်သည် လူသားမှ သူ၏နာမကို အရှက်ရစေရန် လုပ်ဆောင်ခြင်းကို တမင်တကာ ခွင့်ပြုမည် မဟုတ်ပေ။ အောက်ခြေမှတ်စု(များ)- က။ မူရင်းစာသားတွင် “ဘုရားသခင်ကိုသိကျွမ်းခြင်းအမှု” ဟုရေးသားထားသည်။
0 Comments
Leave a Reply. |
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|