အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။”
0 Comments
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်မှ သူ၏အမှုကို လူကိုယ်တိုင် လုပ်ဆောင်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိရန် အထူးသဖြင့် ကောင်းသောအချိန်ဖြစ်သည်။ ဘုရားသခင်အား စိတ်ကျေနပ်စေခြင်းကို ဘုရားသခင်၏ အလိုတော်အား နားလည်မှုဟူသည့် အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းဖြင့်ရရှိပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်အလို့ငှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာအချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်ပတ်သက်သော ဤအသိပညာသည် ယုံကြည်သူတစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်အပေါ်ထားသော ယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ပါက၊ ဘုရားသခင်အပေါ် လူသား၏ယုံကြည်ခြင်းသည် မရေမရာအခြေအနေ၊ အနှစ်သာရမဲ့သော အယူအဆအလယ်တွင် တည်ရှိနေပါလိမ့်မည်။ ဤသို့သောသူများ၏ဆုံးဖြတ်ချက်မှာ ဘုရားသခင်နောက် လိုက်လျှောက်ရန်ပင်ဖြစ်စေကာမူ သူတို့သည် ဘာကိုမျှ ရရှိကြမည်မဟုတ်ပေ။ ဘာကိုမျှ မရရှိသော ဤရေစီးကြောင်းထဲတွင် ရှိသောသူအားလုံးတို့သည် သုတ်သင်ရှင်းလင်းခြင်း ခံရမည့်သူများဖြစ်သည်၊ ထိုသူတို့မှာ ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင့်အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ သင်နှင့်အတူ ကြီးမြတ်သော ရူပါရုံတစ်ခု လိုက်ပါနေသင့်သည်။ ထိုသို့မဟုတ်ပါက အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ အမှုသစ်သည် လူသားတွေးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ စည်းအပြင်ဘက်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသားကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦးမရှိပါက၊ ရူပါရုံများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းများ လုပ်ဆောင်မည့် သိုးထိန်းတစ်ဦးမရှိလျှင် လူသားတို့သည် ဤအမှုသစ်ကို လက်မခံနိုင်ပေ။ အကယ်၍ လူသားသည် ရူပါရုံများကို လက်မခံနိုင်ပါက ဘုရားသခင်၏အမှုသစ်ကို လက်မခံနိုင်ပေ။ ထို့ပြင် အကယ်၍ လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိဉာဏ်သည် အချည်းနှီးသာဖြစ်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုပ်ဆောင်ခြင်းမပြုမီတွင် သူ့အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အလိုတော်ကို သူနားလည်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်ပါလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့်အရာဖြစ်ပြီး၊ ဘုရားသခင်ကို သိရန်ကြိုးစားသောလူတိုင်းကြုံရမည့် လုပ်ငန်းစဉ်လည်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုကို သိကျွမ်းလာသည့်ဖြစ်စဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိခြင်းသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ လူ့သဘာဝကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိခြင်းတို့လည်း ပါဝင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို လူတို့နားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းကို သူတို့သိကျွမ်းလာကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံးယုံကြည်ခြင်းသို့ တိုးတက်သည့်ဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာသည့်ဖြစ်စဉ်နှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရသည့်ဖြစ်စဉ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက်မဟုတ်ဘဲ သူ့ကို ယုံကြည်ခြင်းအတွက်သာ ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်ပါက သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှုမရှိပေ၊ ထို့ပြင် သင်၏ယုံကြည်ခြင်းသည် စင်ကြယ်လာနိုင်မည် မဟုတ်ပေ၊ ဤအချက်ကို သံသယဖြစ်စရာမလိုပေ။ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့်ဖြစ်စဉ်အတွင်းတွင် အကယ်၍ သူသည် ဘုရားသခင်ကို တဖြည်းဖြည်းသိကျွမ်းလာပါက သူ၏စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာကာ သူ၏ယုံကြည်မှုသည် တိုး၍စစ်မှန်လာလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းအရာတွင် လူသားသည် အောင်မြင်သွားသောအခါ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်ပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို လူကိုယ်တိုင်လုပ်ဆောင်ခြင်းငှာ ဒုတိယအကြိမ်လူ့ဇာတိခံယူရန် ဤမျှ ကြီးမားစွာကြိုးပမ်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာစေရန်နှင့် သူ့ကို တွေ့မြင်လာစေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးအဆုံးတွင် ရရှိရမည့် နောက်ဆုံးသော ရလဒ်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်ကို တောင်းဆိုသည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့လုပ်သည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်၊ လူသားတို့သည် နောက်ဆုံး၌ သူ့ထံသို့ လုံးဝပြန်လှည့်လာစေရန် ဤအမှုကို သူပြုခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကိုချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန်အတွက် သူသည် ဘုရားသခင်ကိုသိကျွမ်းရမည်ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ရှာဖွေသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအားဖြင့်သာ လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို စစ်မှန်စွာ ရိုသေလေးမြတ်၍ နာခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံနှင့် ရိုသေလေးမြတ်ခြင်းတို့ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုတော်ကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကပင် သိကျွမ်းလာစေကာမူ၊ ထိုရှုထောင့်တစ်ခုစီအတွက် လူတို့အနေဖြင့် အဖိုးအခပေးရန်နှင့် နာခံရန်စိတ်ဆန္ဒကိုလိုအပ်ကာ ထိုအရာမပါပါက မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသားတို့၏ အယူအဆများနှင့် အလွန်ပင် တခြားစီဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို လူသားအနေဖြင့်သိရန် အလွန်ခက်ခဲကာ၊ ဘုရားသခင်ပြောဆိုလုပ်ဆောင်သော အရာအားလုံးသည်လည်း လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်နေသည်။ အကယ်၍ လူသားသည် ဘုရားသခင်နောက်သို့လိုက်လျှောက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန်စိတ်ဆန္ဒမရှိပါက လူသားသည် မည်သည့်အရာကိုမျှ ရမည်မဟုတ်ပေ။ ကမ္ဘာကြီးကို ဖန်ဆင်းချိန်မှယနေ့အထိ ဘုရားသခင်သည် လူသားနားမလည်နိုင်သော၊ လူသားအနေဖြင့် လက်ခံရန် ခက်ခဲသော အမှုများစွာကိုလုပ်ဆောင်ခဲ့ကာ၊ လူတို့၏အယူအဆများကို ကုစားရန် ခက်ခဲစေသည့် အရာများစွာကို ပြောဆိုခဲ့သည်။ သို့သော် လူတို့၌ အခက်အခဲများစွာရှိခြင်းကိုထောက်၍ ဘုရားသခင်သည် သူ၏အမှုကို တစ်ခါမျှရပ်တန့်ခဲ့ခြင်းမရှိပေ။ ထိုသို့ပြုမည့်အစား သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်နေခဲ့သည်။ ထို့ပြင် မြောက်မြားလှစွာသော “ရဲမက်များ” သည် လမ်းဘေးသို့ လဲကျခဲ့ကြသော်လည်း၊ သူသည် သူ၏အမှုကိုလုပ်မြဲလုပ်ကာ၊ သူ၏အမှုသစ်ကို နာခံရန်ဆန္ဒရှိသူ လူအုပ်စုတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲနှင့် ဆက်လက်ရွေးချယ်နေဆဲဖြစ်သည်။ သူ၌ ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ။ ထိုသို့ပြုလုပ်မည့်အစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို လက်ခံသောသူများကို တန်ဖိုးထားလေသည်။ သို့ရာတွင် သူသည် မည်သည့်ပန်းတိုင်အတွက်နှင့် သူ၏အမှုကို ဤနည်းအားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို ဖယ်ရှားသုတ်သင်ခြင်းနှင့် အခြားသူတို့ကို ရွေးချယ်ခြင်းတို့ အမြဲတမ်း ပြုလုပ်နေသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် သူ့ကိုသိကျွမ်းစေရန်နှင့် ဤနည်းအားဖြင့် သူ့အားဖြင့် ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို နာခံနိုင်သော သူများအပေါ်တွင် လုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်လင့်ကစား ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူများအပေါ် လုပ်ဆောင်ရန်မဟုတ်ပေ။ မြောက်မြားစွာသောသူများကို သူသုတ်သင်ရှင်းလင်းနေခဲ့သည့် အကြောင်းရင်းသည် ဤနေရာတွင် တည်ရှိပေသည်။ လူ့ဇာတိခံယူသော ယေရှု၏သမ္မာတရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည်ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တပါးရှိသည်- သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးပေါင်း တစ်ဆူဟူသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည်- ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားခြားနားပြီး နဂိုပကတိဖြစ်သော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ဘဲ လူအားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်းထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်းရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ သမ္မာတရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ သမ္မာတရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ဘဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ယေဟောဝါမှာ ဤအရာအားလုံးအတွက် မြည်တမ်း၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါဘဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ မိုးချုန်းသံများကိုသာ ကြားရမည်ဆိုပါက၊ ဤကဲ့သို့သော အလုပ်မျိုးသည် လူသား မျိုးနွယ်အတွက် သာ၍ အကျိုးဖြစ်ထွန်းစေခဲ့မည် မဟုတ်လော။ ယခု၌မူ မည်သည်ကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ မြောက်မြားလှပုံမှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ ယနေ့ကာလ ဘုရားသခင်မှပင် သည်းမခံနိုင်တော့သည့် အတိုင်းအတာထိ ရောက်နေပြီး အကြွင်းမဲ့ လမ်းစ ပျောက်နေ၏။ ယေဟောဝါ၊ ယေရှုနှင့် ထိုနှစ်ပါးကြား သန့်ရှင်းသော ဝိညာဉ်တော်သာ ရှိသော အတိတ်ကာလ တွင်ပင်၊ လူသည် မည်သို့ရင်ဆိုင် နားလည်ရမည်ဆိုသည်အား လမ်းစပျောက်နေပြီးသား ဖြစ်၏၊ ယခုတွင်မူ ထပ်တိုးအနေနှင့် မိမိကိုယ်ကို ဘုရားသခင်၏ တစ်ဌာနဖြစ်သည်ဟူသော အနန္တတန်ခိုးရှင်ပါ ရှိလာသည်။ သူသည် မည်သူဖြစ်သည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်အပါးထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရောယှက် နေခဲ့သည် သို့မဟုတ် သိုဝှက်နေခဲ့သည်ကို မည်သူသိမည်နည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင် မည်နည်း။ သုံးပါးတစ်ဆူ တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်ဘဝစာ အချိန်ယူခဲ့ရသည်၊ ယခုတွင်မူ “လေးပါးတစ်ဆူ” ရှိလာပေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုကဲ့သို့သော ဘုရားသခင်ကို သင်တို့ ယနေ့အချိန်ထိ မည်ကဲ့သို့ ယုံကြည်ခဲ့ကြသနည်း။ ငါသင်တို့ကို ချီးကျူးပါသည်။ သုံးပါးတစ်ဆူကိုပင် မနည်းခံယူခဲ့ရသည်၊ သို့သော်ငြားလည်း ယခုသင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး ဆက်လက်ထားရှိသည်။ သင်တို့အား ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ပင် မရနိုင်လောက် အောင်ပင်တည်း။ သင်တို့သည် အကယ်ပင် တမူထူးသော သူများဖြစ်ကြ၏။ လူတစ်ဦးသည် လေးပါးတစ်ဆူ အထိပင် ယုံကြည်နိုင်သော်လည်း ထိုအရာအား နားမလည်၊ ဤအချက်သည် နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် ယင်းကဲ့သို့သော နိမိတ်လက္ခဏာကြီးကို ပြုနိုင်စွမ်းရှိသည် ဆိုခြင်းကို ငါနားမလည်ခဲ့။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည် ။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။
|
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|