ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက်လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ကြရသောသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။ ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည်၊ ဤလူသားတို့ကို သူဖန်ဆင်းခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်လာမှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းနှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပါ။ အကယ်၍ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦးဖြစ်ပါက မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့်လူမျိုးမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ စီစဉ်ခြင်းများနှင့်အညီ ဖြစ်ပေါ်ကြောင်းကို သင့်အနေဖြင့် အသေအချာ ယုံကြည်လိမ့်မည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံ သို့မဟုတ် လူမျိုးတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တရ၍ အပြစ်များကို ဝန်ချတောင်းပန်ရမည်၊ သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။ နောဧသင်္ဘောလက်ထက်သို့ ပြန်ကြည့်လျှင် လူသားတို့သည် အတော်ဆိုးရွားစွာပင် ဖောက်ပြန်ပျက်ဆီးနေခဲ့ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် သွေဖည်နေခဲ့ကာ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံရတော့ဘဲ ဘုရားသခင်၏ ကတိတော်များကိုလည်း ဆုံးရှုံးခဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏အလင်းမရှိဘဲ အမှောင်ထုထဲတွင် ရှင်သန်နေခဲ့ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် သဘာဝအားဖြင့် ကိုယ်ကျင့်သိက္ခာကင်းမဲ့လာကာ အကျည်းတန်သော ဆိုးယုတ်ခြင်းဆီသို့ သူတို့ကိုယ်သူတို့ အထိန်းအကွပ်မဲ့စွာ လွှတ်ချခဲ့ကြလေသည်။ ထိုကဲ့သို့သော လူများမှာ ဘုရားသခင်၏ ကတိတော်ကို မရရှိကြတော့ပေ၊ သူတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီး ဘုရားသခင် သူတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြရုံမက ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့သွားကြသောကြောင့် ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံတော်ကိုကြားရန် မထိုက်တန်တော့ပေ။ သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့ကြသည်။ ထိုသို့ဖြစ်လာသည်နှင့် သူတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကိုလွန်၍ အကျင့်စာရိတ္တများ ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ဤအကြောင်းကြောင့် သူတို့သည် သေခြင်းနှင့် နီးသည်ထက်နီးလာခဲ့ပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံတော်နှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကိုတည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါအမျိုးမျိုးကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ပြီးသည့်အခါ ဘုရားသခင်သည် ကမ္ဘာကြီးကို ပျက်စီးစေခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့်အတွက် နောဧနှင့် မိသားစုဝင် ခုနစ်ဦးတည်းသာလျှင် ဤဖျက်ဆီးခြင်းမှ အသက်ရှင် လွတ်မြောက်ခဲ့သည်။ ထို့နောက် ယခုခေတ်ကို ကြည့်လျှင်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်၍ မကောင်းမှုကို ရှောင်ကြဉ်သည့် နောဧကဲ့သို့သော ဖြောင့်မတ်သည့်သူများ မရှိတော့ပါ။ သို့တိုင် ဘုရားသခင်သည် ဤလူသားများအပေါ် ကျေးဇူးပြုဆဲရှိပြီး ဤနောက်ဆုံးသောခေတ်အတွင်း လူသားများကို အပြစ်မှ ဖြေလွှတ်ပေးသည်။ ဘုရားသခင်သည် မိမိပေါ်ထွန်းလာရန် တောင့်တကြသူများကို ရှာဖွေသည်။ ကိုယ်တော်သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့ဘဲ မိမိတို့၏ကိုယ်စိတ်နှလုံးတို့ကို သူ့ထံ ဆက်ကပ်အပ်နှံထားသူများကို ရှာလျက်ရှိသည်။ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များကဲ့သို့ နာခံကြပြီး သူ့ကို မဆန့်ကျင်သူများကို ရှာလျက်ရှိသည်။ ဘုရားသခင်ကို သင်ကိုးကွယ်ဆည်းကပ်ရာတွင် မည်သည့်အင်အား၏ အတားအဆီးမျှ မရှိလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးလျက် သူ၏ ကောင်းချီးမင်္ဂလာများကိုလည်း ပေးတော်မူလိမ့်မည်။ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းကြီးမြင့်သူ၊ နာမည်ဂုဏ်သတင်း ကျော်စောသူ၊ အသိပညာကြွယ်ဝသူ၊ များလှစွာသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသောသူ ဖြစ်သော်လည်း ဘုရားသခင်၏ခေါ်တော်မူခြင်းနှင့် သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသမျှကို လုပ်ဆောင်ရန်အတွက် ဘုရားသခင်၏အထံတော်သို့ သင်ရောက်လာခြင်းကို ထိုအရာများက တားဆီးထားခြင်းမရှိလျှင် သင်လုပ်ဆောင်သမျှသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံးနှင့် လူသားတို့တွင် အဖြောင့်မတ်ဆုံးအရာပင် ဖြစ်လိမ့်မည်။ ရာထူးအဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင်ရည်မှန်းချက်များကြောင့် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို သင်ငြင်းဆန်ပါက သင်လုပ်ဆောင်သမျှသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူးသည် မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင့်လုပ်ငန်းများတွင် သင်၏အသိပညာနှင့် စွမ်းရည်ကို အားထားပါက သင်သည် အမြဲကျရှုံးနေမည်သာဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့နေမည်သာဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် သင်လုပ်ဆောင်သမျှကို လက်မခံပေ၊ ထို့ပြင် သင်၏အလုပ်ကို တော်မှန်သည့် အလုပ်ဟု သူမမှတ်ယူပေ၊ သို့မဟုတ် လူသားတို့အကျိုးအတွက် သင်လုပ်ဆောင်နေသည်ဟု သူလက်မခံပေ။ သင်လုပ်ဆောင်သမျှသည် ဘုရားသခင်၏ လူသားတို့အပေါ် အကာအကွယ်ပေးမှုကို ဖယ်ရှားရန်အတွက်သာမက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ရန်အတွက် လူသားတို့၏ ခွန်အားနှင့် အသိပညာကို အသုံးချနေခြင်းဖြစ်သည်ဟု ဘုရားသခင်မိန့်လိမ့်မည်။ သင်သည် လူသားတို့ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ လူသားတို့တွင် ဘုရားသခင်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ဘဝ၏ အစဆီသို့ ဆိုက်ရောက်စေသည်ဟု ဘုရားသခင်မိန့်လိမ့်မည်။ လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့ပြီး လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာအလုံအလောက် မရှိတော့၊ ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ပို၍သင့်လျော်သောအခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။ သို့နှင့် လူတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းရန်အတွက် လူမှုသိပ္ပံသီအိုရီများ၊ လူသားဆင့်ကဲဖြစ်စဉ်သီအိုရီနှင့် ဘုရားသခင်က လူကိုဖန်ဆင်းခဲ့သည်ဟူသော အမှန်တရားကို ဆန့်ကျင်သည့် အခြားသော သီအိုရီများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာပေါ်ထွက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက်နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်သူများမှာ ပိုမိုများပြားလာခဲ့လေသည်။ ဘုရားသခင်၏ အမှုတော်နှင့် ဓမ္မဟောင်းကာလအတွင်း သူ၏နှုတ်ကပတ်တော်များအကြောင်း မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသောသူတို့ တစ်နေ့တခြား သာ၍များလာကြသည်။ လူများသည် ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် ရှိတော်မူခြင်းနှင့် အရာရာအပေါ် အုပ်စိုးခြင်းတို့အပေါ် သက်ဝင်ယုံကြည်မှုတို့ကို စိတ်မဝင်စားကြတော့ပါ။ လူသားတို့၏ ဆက်လက်ရှင်သန်မှုနှင့် တိုင်းနိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည်လည်း ၎င်းတို့အတွက် အရေးပါခြင်း မရှိတော့ပေ။ လူတို့သည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့ကိုသာ အလေးထားသော အနှစ်သာရကင်းမဲ့သည့် လောကကြီးတွင် နေထိုင်ကြလေသည်။… ယနေ့ ဘုရားသခင် အလုပ်လုပ်သည့်နေရာကို ရှာဖွေရန် သို့မဟုတ် လူသားတို့၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ဦးဆောင်ပြီး ပြင်ဆင်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ မှတ်ယူထားကြသည်။ ဤနည်းဖြင့် လူသားတို့က သိရှိခြင်းမရှိဘဲနှင့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းသည် လူသားတို့၏ လိုအင်ဆန္ဒများနှင့်ညီရန် သာ၍သာ၍ မစွမ်းနိုင်ဘဲ ဖြစ်လာကာ ဤကဲ့သို့သောလောကတွင် နေထိုင်ရသည်မှာ သွားလေသူတို့လောက် ပျော်ရွှင်မှုမရဟု ခံစားနေကြသောသူများ အများအပြားပင် ရှိလေသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုကဲ့သို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆိုကြသည်။ အကြောင်းမှာ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု မရှိပါက၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ အချည်းနှီးပင်ဖြစ်သည်။ လူသားတို့၏ နှလုံးသားထဲရှိ လစ်ဟာမှုကို ဖြည့်ဆည်းခြင်းငှာ မည်သူမျှမစွမ်းသာပါ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ လူသား၏အသက် မဖြစ်နိုင်၊ သူ့အား ဖိစီးနှိပ်စက်နေသော ဤလစ်ဟာနေမှုကို မည်သည့်လူမှုသီအိုရီကမျှ မလွတ်ငြိမ်းစေနိုင်သောကြောင့် ဖြစ်ပါသည်။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်သည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပေ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။ ဤကမ္ဘာကြီးတွင် သင်သည် လွတ်လပ်သောနိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ လူ့အခွင့်အရေးမရှိသည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ သင့်အနေဖြင့် လူသားတို့၏ ကံကြမ္မာမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ သင်သည် အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ လူသားတို့၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုခြင်းမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ စိတ်ရှုပ်ထွေးစေသော လစ်ဟာမှုခံစားချက်မှ လွတ်မြောက်နိုင်စွမ်း သာ၍ပင် ရှိမည်မဟုတ်။ လူသားအားလုံးတွင် ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်သည်၊ သို့သော် ထိုပြဿနာများကို မည်သည့်မဟာလူသားကမျှ မဖြေရှင်းနိုင်ပါ။ အဆုံးမှာတော့ လူသားဆိုသည်မှာ လူသားသာ ဖြစ်ပေသည်။ ဘုရားသခင်၏နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူတိုင်းအစာရေစာဝလင်လျက် သာတူညီမျှပြီး လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လူသားတို့အနေဖြင့် လိုအပ်သည်မဟုတ်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အတွက် ဘုရားသခင်၏ အသက်အထောက်အပံ့ကိုလည်း လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သူတို့အတွက် အသက်အထောက်အပံ့တို့ကို လက်ခံရရှိသောအခါမှသာ လူသားတို့၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန်ဆန္ဒနှင့် ဝိညာဉ်ရေးရာလစ်ဟာမှုတို့မှာ ပြေလည်သွားမည်ဖြစ်သည်။ တိုင်းနိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုးမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။ သင့်နိုင်ငံသည် လောလောဆယ် ချမ်းသာကြွယ်ဝကောင်းကြွယ်ဝနေနိုင်သည်၊ သို့သော် သင့်ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက သင့်နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးလာလိမ့်မည်။ သင့်နိုင်ငံ၏ လူ့အဖွဲ့အစည်းကြီးသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ သို့နှင့် နိုင်ငံတစ်ခု၏ ကံကြမ္မာသည် လူသားအနေနှင့် ဘာမျှမသိလိုက်ဘဲနှင့် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်လိမ့်မည်။ ဘုရားသခင်၏ကျိန်ခြင်းကို ခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်သည် အင်အားကြီးနိုင်ငံများကို ပေါ်ပေါက်စေလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့သည် ထိုနိုင်ငံကို အုပ်ချုပ်သူများအနေဖြင့် ဘုရားသခင်ကို ကိုးကွယ်မှု ရှိမရှိနှင့် ပြည်သူများကို ဘုရားသခင်နှင့် နီးကပ်စေအောင်၊ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်အောင် ဦးဆောင်နိုင်ခြင်း ရှိမရှိတို့အပေါ် အခြေခံသည်။ သို့ပင်လျှင် ဤနောက်ဆုံးသောခေတ်တွင် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေ၍ ကိုးကွယ်သောသူများမှာ တိုး၍တိုး၍ ရှားပါးလာသည့်အတွက် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများကို ဘုရားသခင်သည် အထူးမျက်နှာသာပေးသည်။ ဘုရားသခင်သည် ယင်းတို့ကို အတော်အတန်ဖြောင့်မတ်သော ကမ္ဘာ့အဖွဲ့အဖြစ် ဖွဲ့စည်းရန် စုစည်းထားရာ ဘာသာမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်သောသူများသည် ဖြောင့်မတ်သောအဖွဲ့၏ ရန်ဘက်များဖြစ်လာသည်။ ဤနည်းဖြင့် လူသားတို့အကြားတွင် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်၌ နေရာတစ်ခု ရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းရန်အတွက် ဖြောင့်မတ်သော အာဏာစီရင်ရေးကို ကျင့်သုံးနိုင်သည့် နိုင်ငံများကိုလည်း သူရရှိထားသည်။ ဤသို့ဖြစ်စေကာမူ ဘုရားသခင်ကို ကိုးကွယ်ရန် ရှေ့တော်သို့ လာရောက်သည့်သူမှာ ပိုများမလာပါ၊ အကြောင်းမှာ လူသားတို့သည် ဘုရားသခင်ထံမှ အလွန်ဝေးကွာစွာ လမ်းလွဲနေကြပြီး လူသားတို့၏ အတွေးထဲတွင် ဘုရားသခင် မရှိခဲ့သည်မှာ လွန်စွာကြာခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ဖြောင့်မှန်မှုကို ကျင့်သုံး၍ မဖြောင့်မှန်မှုကို ဆန့်ကျင်သော နိုင်ငံများသည်သာ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေသည်။ သို့သော် ယင်းသည် ဘုရားသခင်၏ အလိုတော်များနှင့် ဝေးနေသေးသည်၊ အကြောင်းမှာ မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ဘုရားသခင်ကို ၎င်းတို့၏ ပြည်သူများအပေါ် ဦးဆောင်ခွင့်ပြုမည်မဟုတ်ပေ၊ ထို့ပြင် မည်သည့်နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်ပေ။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အုပ်ချုပ်သူပါတီတိုင်း၏ နှလုံးသားထဲ၊ ထို့ပြင် လူတိုင်း၏ နှလုံးသားထဲရှိ မိမိ၏နေရာမှန်ကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ဖြောင့်မှန်သည့် စွမ်းပကားများ အမှန်ရှိသော်လည်း လူ့နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခန့်ပါ။ ဘုရားသခင်၏ ကောင်းချီးမပါပါက နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်ကာ ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း နည်းလာပါမည်။ လူသားတို့အတွက်မူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မရှိခြင်းသည် နေရောင်ခြည်မရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှပင် စေ့စပ်သေချာစွာ ကြိုးစားလုပ်ဆောင်စေကာမူ၊ လူသားများအနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှပင်အတူလုပ်ဆောင်စေကာမူ၊ ထိုလုပ်ဆောင်မှုများက ဖြစ်ပြီးသောအရာများကို နောက်ပြန်လှည့်ရန် သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲရန် မစွမ်းသာပါ။ လူသားတို့သည် နိုင်ငံသားများ စားရေး၊ ဝတ်ရေး ပြေလည်လျှင်၊ ငြိမ်းအေးချမ်းသာစွာ အတူတကွနေရလျှင် ထိုနိုင်ငံကို နိုင်ငံကောင်းတစ်ခု၊ ခေါင်းဆောင်မှုကောင်းသော နိုင်ငံတစ်ခုဟု ထင်မြင်ယူဆကြသည်။ သို့သော် ဘုရားသခင်ကမူ ထိုသို့မယူဆပါ။ သူ့ကို ကိုးကွယ်သောသူ မရှိသည့် နိုင်ငံသည် သူသုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူယူဆသည်။ လူသားတို့၏ တွေးခေါ်ပုံသည် ဘုရားသခင်၏တွေးခေါ်ပုံနှင့် အလွန်ကွာခြားသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက ထိုနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံတွင် ခရီးပန်းတိုင်လည်း ရှိမည်မဟုတ်ပါ။ ဘုရားသခင်သည် လူတို့၏နိုင်ငံရေးတွင် မပါဝင်ပေ၊ သို့သော် နိုင်ငံ သို့မဟုတ် လူမျိုးတို့၏ ကံကြမ္မာကို ဘုရားသခင်က ထိန်းချုပ်ထားသည်။ ဘုရားသခင်သည် ဤကမ္ဘာကြီးနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ထားသည်။ လူသားတို့၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်မှာ အတွင်းကျကျ ချိတ်ဆက်နေပြီး မည်သည့်လူ၊ မည်သည့်တိုင်းနိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်မှ ကင်းလွတ်နိုင်ခြင်းမရှိပါ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက ဘုရားသခင်၏ရှေ့တော်သို့ သူလာရပေမည်။ ဘုရားသခင်နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို ဘုရားသခင်က အောင်မြင်ကြီးပွားစေသည်။ ဘုရားသခင်ကို ဆန့်ကျင်ပစ်ပယ်သူများကို ဘုရားသခင်ကလည်း ငြင်းပယ်ဖယ်ရှားမည်ဖြစ်သည်။ သောဒုံမြို့ကို ဘုရားသခင်ဖျက်ဆီးခဲ့သည့် သမ္မာကျမ်းစာထဲမှ အဖြစ်အပျက်ကို ပြန်လည်သတိရလျက် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်သွားခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာနှင့်လူးကာ မိမိတို့၏အပြစ်များအတွက် မည်သို့နောင်တရခဲ့သည်ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က ယေရှုကို ကားတိုင်ပေါ်တွင် ရိုက်ထားပြီးနောက် ယုဒလူမျိုးများ မည်သို့ဖြစ်သွားခဲ့ကြသည်ကိုလည်းကောင်း ပြန်ပြောင်းသတိရလော့။ ယုဒလူမျိုးများသည် ဣသရေလပြည်မှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ကြသည်။ လူအများအပြား အသတ်ခံခဲ့ရပြီး ယုဒလူမျိုးတစ်မျိုးလုံးသည် မကြုံစဖူးသော ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် ရိုက်ခဲ့ကြပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြကာ ဘုရားသခင်၏ စိတ်နေသဘောထားကို ထိပါးစော်ကားခဲ့ကြသည်။ သူတို့လုပ်ခဲ့သည့် အပြစ်ကို သူတို့ပေးဆပ်ခဲ့ရပြီး သူတို့လုပ်ရပ်များ၏ နောက်ဆက်တွဲ အကျိုးဆက်ကို ခံခဲ့ကြရသည်။ သူတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့သည်၊ ငြင်းပယ်ခဲ့သည်၊ သို့အတွက်ကြောင့် သူတို့တွင် ဘုရားသခင်၏ အပြစ်ပေးခံရခြင်းဟူသည့် ကံကြမ္မာတစ်ခုသာ ရှိလေသည်။ ဤသည်မှာ သူတို့၏ တိုင်းနိုင်ငံနှင့် လူမျိုးအပေါ် သူတို့၏အုပ်ချုပ်သူများက သက်ရောက်စေခဲ့သော ခါးသီးဖွယ် အကျိုးဆက်နှင့် ဘေးဒုက္ခပင် ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်သည် အလုပ်လုပ်ရန်အတွက် ဤလောကသို့ ပြန်ကြွလာခဲ့သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ စုဝေးနေကြသည့်၊ ဘာသာမဲ့အယူဝါဒကို အခိုင်အမာယုံကြည်သော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံပင်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူခဲ့ပြီးဖြစ်သည်။ ထိုကာလအတွင်း ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး ခေါင်းချစရာနေရာမရှိ၊ နားခိုစရာနေရာ မတွေ့နိုင်ဘဲ အလွန်ဒုက္ခကြီးစွာ ခံခဲ့ရသည်။ သို့ဖြစ်စေကာမူ ဘုရားသခင်သည် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်ကို ဆက်လက်လုပ်ဆောင်ဆဲရှိသည်။ ဘုရားသခင်သည် မိမိ၏အသံတော်ကို ဖွင့်ဟပြီး ဧဝံဂေလိတရားကို ဖြန့်ကြက်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူတစ်ဦးတစ်ယောက်ကမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိပါ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် မိမိအလုပ်ကို မည်သည့်အခါမျှ ရပ်နားခြင်းမရှိခဲ့ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားတိုင်းကို ကယ်တင်ရန် အစွမ်းကုန် ဆောင်ရွက်သည့်အတွက် သူ၏အလုပ်နှင့် နှုတ်ကပတ်တော်တို့ကို လက်ခံသည့်သူများ ပိုများလာခဲ့သည်။ ဘုရားသခင် ရယူရန် အလိုတော်ရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်စွမ်းအားကမျှ မတားဆီးနိုင်ကြောင်း ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ အကြံအစည်တော်ကို နှောင့်ယှက်ဟန့်တားသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို နောက်ဆုံးတွင် ခံရကြမည်။ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်လူမျိုးမဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးတိုင်း၊ တိုင်းနိုင်ငံတိုင်းနှင့် လုပ်ငန်းများမှ လူတိုင်းကို ဘုရားသခင်၏ အသံတော်ကို နားထောင်ရန်၊ ဘုရားသခင်၏ အမှုတော်ကို ကြည့်ရှုရန်၊ လူသားတို့၏ ကံကြမ္မာကို သတိမူကြရန် ငါတိုက်တွန်းနှိုးဆော်လိုသည်။ ဤနည်းအားဖြင့် ဘုရားသခင်အား အသန့်ရှင်းဆုံး၊ ဂုဏ်အသရေအရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားတို့ ကိုးကွယ်ဆည်းကပ်ရာ တစ်ပါးတည်းသောသူ ဖြစ်စေလျက် မူလအစက ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်အတွင်း နေထိုင်ခဲ့သည့်အတိုင်း၊ ထို့ပြင် အာဗြဟံ၏ မျိုးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ နေထိုင်ခဲ့ကြသည့်အတိုင်းပင် လူသားအားလုံးကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ နေထိုင်စေမည် ဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် အားပါးတရ တဟုန်ထိုးတက်နေသော လှိုင်းလုံးများကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို မထိန်းချုပ်နိုင်သကဲ့သို့ မည်သူကမျှလည်း သူ၏ခြေလှမ်းများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာနားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး သူ၏ကတိတော်များကို ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်သူများမှာမူ ပြင်းထန်သော ဘေးဒုက္ခကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး အပြစ်ဒဏ်ကျခံထိုက်ပေသည်။
0 Comments
Leave a Reply. |
Click & Join usAuthorWrite something about yourself. No need to be fancy, just an overview. Archives
January 2020
Categories
All
|