ခရစ်ယာန်တစ်ယောက်၏ ကျေးဇူးတရားကို သက်သေရပ်တည်ခြင်း- လောင်းကစား ဖြတ်လိုက်ခြင်းသည် သူမ၏ မှောင်မိုက်သည့် အသက်တာတွင်းသို့ အလင်းကို ဆောင်ကြဉ်းလာပုံ ဂျင်ရှင်း တရုတ်ပြည် တစ်ချိန်က သူမသည် လောင်းကစားသမားတစ်ဦးဖြစ်သော်လည်း၊ လောင်းကစားခြင်းသည် သူမနှင့် သူမ၏ မိသားစုကို ကြီးစွာသော နာကျင်မှုများ ဆောင်ကြဉ်းလာသောကြောင့် သူမသည် လောင်းကစားကို စွန့်လွှတ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါ။ သူမ ပြိုယိုင်လဲခါနီးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းလက်တော်က သူမကို တို့ထိကာ၊ လောင်းကစား၏ အနှစ်သာရနှင့် အန္တရာယ်တို့ကို သူမအား တွေ့မြင်စေပြီး၊ တစ်ဆင့်ချင်း သူမ၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်စေ၍ နောက်ဆုံးတွင် သူမဘဝကို ပြန်လည်ပြောင်းလဲနိုင်ခဲ့သည်။ မတွန်းလှန်နိုင်သည့် စုံစမ်းသွေးဆောင်ခြင်းတစ်ခု၊ လောင်းကစားခြင်းသို့ ကျရောက်ခြင်း
ဆောင်းဦးရာသီ နေ့လည်ခင်းတစ်ခုတွင်၊ ပေါ့ပါးသည့် လေပြည်လေညင်း တစ်ချက် အတိုက်တွင်၊ ဂျင်းသည် သူမအိမ်တံခါးတွင်ထိုင်ပြီး ဖြတ်သွားသည့် လူများကို ကြည့်နေသည်၊ သူမက သူတို့၏ အလုပ်လုပ်ကာငွေရှာနိုင်ပြီး၊ သူတို့မိသားစုကို ထောက်ပံ့နိုင်သည့် ကျန်းမာသော ခန္ဓာကိုယ်များကို ကြည့်ကာ မစ္ဆရိယစိတ်ပွားနေခဲ့သည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးနှစ်ယောက်အမေ ဖြစ်သော်လည်း အစာအိမ်ပြည်တည်နာနှင့် အူသိမ်ပြည်တည်နာ ဝေဒနာများ ခံစားနေရသောကြောင့် လယ်အလုပ်လည်း မလုပ်နိုင်သည့်အပြင်၊ သူမခင်ပွန်း၏ မလောက်မငှ လုပ်အားခလေးကို သာ မှီခိုနေရလေသည်။ သူမက သူမ၏ တစ်ရက်တာလုံး မျက်ခုံးရှုံ့ပြီး၊ ဤဘဝသည် အဓိပ္ပါယ်မဲ့သည်ဟု ခံစားနေခဲ့ရသည်။ တစ်နေ့တွင် အိမ်နီးချင်တစ်ယောက်က သူမထံသို့သွားပြီး “ ဂျင်း၊ ငါတို့လောင်းကစားရုံဖွင့်ဖို့ နင့်အိမ်ကို ငှားချင်တယ်။ နင့်မှာလည်း ကျန်းမာရေးကညံ့ပြီး၊ ဘာအထောက်အပံ့မှ မရှိဘူး၊ ဒါပေမဲ့ ငါတို့ကို ကူပြီး စောင့်ကြည့်ပေးမယ်ဆိုရင် ငါတို့ လုပ်ငန်းဖွင့်တဲ့အချိန် နင်လည်း ဝင်ငွေရတာပေါ့” ဟု ပြောလေသည်။ သူမ ယောက်မက လောင်းကစားစွဲပြီး၊ ငွေတိုးချေးစားသူများကို အကြွေးများတင်လာသောကြောင့် အိမ်လည်း အကြွေးရှင်များ၏ ဖြိုချမှုကို ခံရလုနီးနီး ဖြစ်ခဲ့သည့်အပြင်၊ ယခုအခါ အိမ်သို့ပင် မပြန်ဝံ့ဖြစ်သောကြာင့် လောင်းကစား၏ အန္တရာယ်ကို သူမက သိပြီးဖြစ်သည်။ သူမက သူမယောက်မကဲ့သို့ လောင်းကစားခြင်းကြောင့် အမည်းစက် အထင်မခံလိုသော်လည်း ငွေ၏ စုံစမ်းသွေးဆောင်ခြင်းသည် တွန်းလှန်ရန် ခက်လှသည်။ သူမက “ ငါ့ခန္ဓာကိုယ်က ငါ့ကို လယ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းစားဖို့ ခွင့်မပြုပေမဲ့ အခုတော့ ငါလုပ်ရမှာက စောင့်ကြည့်ပေးရုံပဲတဲ့။ ပြီးတော့ ငါ့အနေနဲ့ ဝင်ငွေလည်း အများကြီးရနိုင်တယ်။ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ ငါလောင်းကစား မလုပ်သရွေ့ ဘာမှဖြစ်မှာမဟုတ်ပါဘူး” ဟု တွေးခဲ့ပါသည်။ ထို့နောက်တွင် ဂျင်း၏ နေအိမ်သည် အမြဲတမ်း အလုပ်ရှုပ်နေလေ့ရှိသည်။ နေရာအနှံ့မှ လောင်းကစားသမားများသည် သူမနေအိမ်သို့ လာရောက်စုဝေး ပြီး “ တစ်တုံးယူ … ဒေါင်လိုက်၊ ဒေါင်လိုက်” နှင့် “ လောင်းကြေးတင်၊ လောင်းကြေးတင်” ဆိုသည့် အော်ဟစ်သံများက သူမခြံဝင်းအတွင်းမှ အဆက်မပြတ်ပေါ်ထွက်လာသည် ။ လောင်းကစားဝိုင်းသည် ကြည့်ရှုသူများနှင့် လောင်းကစားသူများဖြင့် ဝန်းရံနေသည်။အချို့လူများသည် အနည်းဆုံးသော ကြိုးစားအားထုတ်မှုဖြင့် ငွေတစ်ထပ်ကြီးကို အနိုင်ရကြပြီး၊ သူတို့ မျက်လုံးများနှင့် မျက်နှာများသည် သူတို့၏ ဆတ်ဆတ်တုန်နေသည့်လက်များထဲမှ ငွေစက္ကူရွက်များကို ကြည့်ရင်းဖြင့် တောက်ပနေကြစဉ် အခြားလူများကမူ သက်ပြင်းချပြီး စိတ်ပျက်လက်ပျက် ထွက်ခွာသွားကြသည်။ “ ဂျင်း။ ဒိုင်က ဘယ်လောက်ကံမကောင်းလိုက်လဲ ကြည့်ပါလား။ သူပိုက်ဆံတွေ ဘယ်လောက်ရှုံးနေပြီလဲ။ နင် ဘာဖြစ်လို့ တစ်ပွဲလောက် ဝင်မကစားတာလဲ။ ဒီခေတ်မှာ လောင်းကစား မလုပ်တဲ့သူဆိုတာ ရှားသွားပြီ၊ ပြီးတော့ နင်အသက်ရှင်နေထိုင်ပုံက ပျော်စရာမကောင်းပါဘူးဟာ” ဟု တစ်စုံတစ်ယောက်က ဂျင်းကို ရယ်ကာမောကာနှင့် ပြောလိုက်သည်။ ထိုစကားများက “ ဟုတ်တယ်။ သူပြောတာ တော်တော်အဓိပ္ပါယ်ရှိတယ်။ ငါ့မှာ ကလေးဘဝကတည်းက ဆင်းရဲလာလိုက်တာ၊ ငါဘယ်တုန်းကမှလဲ ကျန်းမာရေး မကောင်းခဲ့ဘူး၊ ဘယ်တော့မှလဲ ကောင်းကောင်းမွန်မွန် မစားသလို၊ ပျော်အောင်နေဖို့ မသင်ယူခဲ့ဘူး … ငါလုပ်သမျှက အိမ်မှာထိုင်ပြီး နေမကောင်းဖြစ်နေတာပဲ။ အဲဒါကြီးက တကယ်ကို ပျော်စရာမကောင်းပါဘူး၊ ဒီမှာ လောင်းကစားသမားတွေက အရမ်းပျော်နေကြပြီး၊ သူတို့နိုင်ရင် ပိုက်ဆံရသေးတယ်။ ငါတစ်ကြိမ်လောက် ဘာဖြစ်လို့ မလောင်းရမှာလဲ။ ငါနည်းနည်းနိုင်တော့လည်း ပျော်ရတာပေါ့။ ဘာဖြစ်လို့ နည်းနည်းပါးပါး ပျော်အောင်မနေရမှာလဲ” ဟုတွေးမိသည့် ဂျင်းကို လာရောက်ထိမှန်လေသည်။ ပထမဆုံးအကြိမ်မှာ ဂျင်း၏ ကံက အမှန်တကယ်ပင် အလွန်ပင်ကောင်းနေခဲ့သည်။ သူမက တစ်ကြိမ်လောင်းရုံဖြင့် ယွမ်စက္ကူ ဒါဇင်တစ်ချို့ကို နိုင်ခဲ့သည်။ သူမက “ လောင်းကစား လုပ်တာ ဒီလောက်ပျော်စရာကောင်းမှန်း ဘယ်တုန်းကမှ မသိခဲ့ဘူး။ ငါ့ကိုငါ အပျင်းပြေအောင်လုပ်နိုင်ပြီး၊ ငွေလည်းရှာနိုင်တယ်” ဟုတွေးရင်း သူမနှလုံးသားတွင် ပျော်ရွှင်မှုများ ဖူးပွင့်လာခဲ့သည်။ ထို့နောက်တွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် သူမမိသားစုအတွက် စိတ်ပူခြင်းများကို မေ့လျော့ကာ၊ လောင်းကစားကို စတင်ပျော်မွေ့လာခဲ့သည်။ ပထမပိုင်းတွင် ဂျင်းသည် သူမ၏ လောင်းကြေးကို ထိန်းချုပ်ခဲ့ပြီး၊ ယွမ်ရာတန် ၁၀ ရွက် သို့မဟုတ် အနည်းငယ် နိုင်လာခဲ့သည်။ ငွေရရန် လွယ်ကူသည့်သဘောရှိပြီး၊ ဂျင်းက အလွန်ပင် ကျေနပ်နေခဲ့သည်။ သူမက ကျန်းမာရေးညံ့ဖျင်းသောကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုအားဖြင့် ငွေမရှာနိုင် သော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ လုပ်အား မလိုသည့်အပြင် ကစားနည်းတစ်ခုကို နိုင်သကဲ့သို့ လွယ်ကူသည့် ဝင်ငွေရှာရန် နည်းလမ်းကောင်းတစ်ခုကို သူမ နောက်ဆုံးတွင် တွေ့ခဲ့ပြီဟု သူမက တွေးမိသည်။ ထိုသည်မှာ မည်သည့်ဖက်က ကြည့်ကြည့် အသာစီးရခြင်းချည်းသာ ဖြစ်သည်။ တဖြည်းဖြည်းချင်း ဂျင်းသည် လောင်းကစားမှုကို စတင် စွဲလမ်းလာခဲ့သည်။ တစ်လ သို့မဟုတ် နှစ်လနောက်ပိုင်းတွင် လောင်းကစားရုံသည် တည်နေရာအသစ်သို့ ပြောင်းရွှေ့သွားပြီး၊ ဂျင်းကလည်း ထိုနေရာသို့ သွားကာ လောင်းကစားပြုသည်။ သူမက လောင်းကစားရုံ၏ ဖွင့်ချိန်ပိတ်ချိန်ကို အတိအကျသိရှိသည်။ သူမသည် ထိုနေရာသို့ နံနက် ၈နာရီထိုးအတိ တွင် ရောက်ပြီး၊ တစ်ခါတစ်ရံတွင် အိမ်ကို ညမိုးချုပ်မှ ပြန်ခဲ့သည်။ တစ်နေ့တွင် လောင်းကစားရုံတွင် ငွေများစွာ ဆုံးရှုံးပြီးနောက်၊ ဂျင်းသည် သုန်မှုန်သည့် မျက်နှာဖြင့် ဆိုဖာပေါ်ထိုင်ချလိုက်သည်။ “ ငါရှုံးသွားတဲ့ငွေတွေကို ပြန်ရဖို့လိုတယ် …” ဂျင်းစိတ်ထဲတွင် ထိုအကြံဉာဏ်တစ်ခုတည်းဖြင့် သံသရာလည်နေပြီး အလွန်ပင် တွေဝေနစ်မောသွားခဲ့ကာ သူမကလေး နှစ်ယောက်သည် ယခုအခါကျောင်းမှ အိမ်သို့ ပြန်ရောက်၍ သူမနံဘေးတွေ ရပ်နေသည်ကိုပင် သတိမထားခဲ့မိပါ။ “ မေမေရေ၊ သားသားဗိုက်ဆာတယ်။ မေမေ။ သားသား ဗိုက်ဆာတယ်။ သားသား ညစာစားချင်တယ် …” သူမကလေးငယ်က ဂျင်း၏ အင်္ကျီကို သနားစဖွယ် ဆွဲနေသည်။ ဂျင်းမှာလည်း သူမ၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူမက ထမင်းဟင်းမချက်လိုသောကြောင့် မတတ်နိုင်ပဲ သူမအိတ်ထဲမှ ပိုက်ဆံကို သူမကလေးများကို လှမ်းပေးလိုက်သည်။ “ မေမေ ဒီနေ့အရမ်းပင်ပန်းနေတယ်ကွယ်၊ အဲဒီတော့ ဒီပိုက်ဆံယူသွားပြီး စတိုင်းဆိုင်မှာ တစ်ခုခုဝယ်စားနော်” သူမကလေးများ ပိုက်ဆံယူကာ ထွက်သွားကြလေသည်။ မလွတ်ကင်းနိုင်သော နာကျင်မှုအတွင်း ပိတ်မိနေခြင်း တစ်ရက်ပြီးတစ်ရက် အချိန်များကုန်သွားကာ ဂျင်း၏ လောင်းကစား စွဲလမ်းမှုသည် ပို၍ ဆိုးလာခဲ့သည်။ သူမသည် နေအိမ်မှ ကိစ္စများကို မကြာခဏ လျစ်လျူရှုခဲ့သည်။ တစ်နေ့တွင် သူမကလေး ဗိုက်အောင့်ပြီး၊ အစာအိမ်ရောဂါဖြစ်သည်ဟု ရောဂါအကဲဖြတ်ခြင်း ခံရပါသည်။ ဂျင်း၏ မိသားစုက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သိသည့်အချိန်တွင် သူမက ကလေးများအတွက် ကောင်းမွန်သော အစားအစာမချက်သောကြောင့် ကလေးများကို ဘေးဖြစ်စေသည့်အတွက် သူတို့က သူမကို အပြစ်တင်ကြသည်။ သူမက “ ဒါမှန်ပါတယ်။ ငါက ငါ့ကလေးတွေကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့မိတယ်။ ပြီးတော့ ငါ့လည်း လောင်းကစား ဖြတ်ချင်ပေမဲ့ အချိန်ကျလာရင် လောင်းကစားဝိုင်း မသွားပဲ မနေနိုင်ဘူး။ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘူး” ဟု တွေးမိသည်။ ဂျင်း ခင်ပွန်း အားနီယူ အိမ်ပြန်ရောက်လာပြီး၊ အိမ်တွင်းမှ ဆိုးဝါးသည့် အရှုပ်တော်ပုံကို တွေ့သည့်အချိန်တွင် သူမကို ဒေါသတကြီးနှင့် “ နင်က နင့်မိသားစု ဒါမှမဟုတ် နင့်ကလေးတွေကို ဂရုမစိုက်ဘူး။ နင်ဒီလို ဆက်ပြီး လောင်းကစားလုပ်နေမယ်ဆိုရင်၊ နင့်ဘဝပါ ဆုံးရလိမ့်မယ် …” ဟု ပြောဆိုစွပ်စွဲပါတော့သည်။ “ နင်အစွမ်းအစမရှိလို့ ငါ့ဘဝ စိတ်ဆင်းရဲရတာလေ။ ငါသာ လောင်းကစား မလုပ်ရင်၊ အိမ်မှာပျင်းလို့ သေတော့မယ်” ဟု ဂျင်းက ဆင်ခြေများပေးကာ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်လေသည်။ သူမ လောင်းကစားကို စွဲလမ်းလာကတည်းက သူမမိသားစု တွင်း၌ အငြင်းပွားခြင်းများ ဖြစ်လေ့ရှိလာပြီး၊ နေအိမ်တွင် ငြိမ်းချမ်းမှုလုံးဝ မရှိတော့ပါ။ ထိုညတွင် ဂျင်းသည် အိပ်ရာထဲတွင် စိုးရိမ်ကြောင့်ကျမှုများဖြင့် ခလောက်ဆန်နေကာ “ ငါ့ကိုယ်ငါ ပျော်ပါစေတော့ ဆိုပြီးတော့ လောင်းကစားစပြီး လုပ်ခဲ့တာ။ ငါဒီလို စွဲလာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ ဖူးဘူး။ အခုတော့ ငါ့ပိုက်ဆံ အားလုံးလည်း ဆုံးရှုံးရပြီ။ အနာဂတ်မှာ ငါဘယ်လို အဆင်ပြေအောင် လုပ်ရမလဲ။ ငါဆက်ပြီး လောင်းကြေးထပ်မှ ရမယ်။ ငါရှုံးထားတာလေးတွေ ပြန်နိုင်လာတာနဲ့ တပြိုင်နက်၊ လောင်းကစားတာ ရပ်လိုက်မယ်” ဟု တွေးရင်းဖြင့် အိပ်ရန်အခက်တွေ့နေခဲ့သည်။ နောက်တစ်နေ့တွင် သူမဆုံးရှုံးသွားသည်များကို ပြန်လည်ရရှိစေရန် အတွက် ဂျင်းသည် သူမခင်ပွန်းဝှက်ထားသည့် ပိုက်ဆံများကို ဗီရိုထဲမှ ခိုးယူခဲ့သော်လည်း ထိုပိုက်ဆံများပါ ထပ်ရှုံးရင်းဖြင့် အဆုံးသတ်ရလေသည်။ ထို့နောက် သူမခင်ပွန်းပေးထားသည့် အိမ်သုံးစရိတ် တစ်လစာကိုလည်း လောင်းကစား လုပ်ပစ်လိုက်သည်။ အားနီယူသိသွားသည့်အချိန်တွင် ဒေါသအမျက်ချောင်းချောင်း ထွက်ပြီး ဂျင်းနဲ့ အကြီးအကျယ်စကားများခဲ့သည်။ သူက “ နင်က နင့်အိမ်သုံးစရိတ်တောင် လောင်းကစားလုပ်ပစ်တယ်။ ငါဒီလို နေလို့မရဘူး။ နင်မပြောင်းနိုင်ပဲနဲ့၊ နင့်မိသားစုအတွက်လည်း ထည့်မတွက်၊ နင့်ပိုက်ဆံတွေအားလုံးကို လောင်းကစားလုပ်ပစ်မှတော့ ငါလည်း လောင်းကစားသွား လုပ်မယ်” ဟုပြောသည်။ ထို့နောက်တွင် အားနီယူ ကပါ လောင်းကစားရုံကို မကြာခဏ သွားရောက်ခဲ့ပြီး၊ သူတို့ ဘဝကလည်း ခက်ခဲသည်ထက် ခက်ခဲလာခဲ့သည်မှာ သူတို့ ဘဝများကို ထိန်းသိမ်းထားနိုင်ရန်ပင် ခက်ခဲလာခဲ့သည် … စားနိုင်သောက်နိုင်ရုံလေး ဝင်ငွေရှာရန် ဂျင်းသည် အများသုံးတယ်လီဖုန်းဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ၊ သူတို့သည် နေစရိတ်စားစရိတ်အတွက် ခြစ်ကုတ်သုံးစွဲရသည်။ အကြိမ်ပေါင်းများစွာ ဂျင်းက လောင်းကစားဖြတ်မည်ဟု ကျိန်ဆိုသော်လည်း လောင်းကစားရုံမှ သူ့မိတ်ဆွေများ ခေါ်သည့်အခါတွင် သူတို့နှင့် အတူ လိုက်ပါမသွားပဲ မနေနိုင်ပါ။ သူမသည် အဘယ့်ကြောင့် လောင်းကစား မဖြတ်နိုင်သည်ကို နားမလည်နိုင်ခဲ့ပါ။ ယခုလောင်းကစားစွဲနေသည့် ဂျင်းသည် သူမ၏ နေ့ရက်များကို အသိစိတ်မဲ့စွာ ကုန်ဆုံးစေပြီး၊ ဖုတ်ကောင်ကဲ့သို့ မိန်းမောတွေဝေနေလေ့ရှိသည်။ လောင်းကစားရုံတွင် ခဏတာ ပျော်ရွှင်မှု နှင့် စိတ်လှုပ်ရှားမှုတို့ကိုသာ ရှာဖွေတွေ့ရှိပြီး၊ ထိုနောက်ပိုင်းတွင် အလွန်အမင်းညှင်းပန်း နှိပ်စက်ခြင်း နှင့် အထိတ်တလန့်ဖြစ်ခြင်းတို့ ရောက်ရှိလာသည်။ ဂျင်းသည် အလွန်စိတ်ရှုပ်ထွေးကာ၊ အနာဂတ်တွင် သူမ၏ ဦးတည်ရာသည် မည်သည့်အရာဖြစ်မည်နည်းဟု စူးစမ်းမိသည်။ မျှော်လင့်ချက်မဲ့ခြင်း ကမ်းပါးဝတွင် ဘုရားသခင်၏ ကယ်တင်ခြင်း ရောက်ရှိလာသည် တစ်နေ့တွင် ဂျင်းမိတ်ဆွေများထဲမှ တစ်ယောက်က သူမကို ဧဝံဂေလိတရားတော် ဟောကြားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ဓမ္မသီချင်း ကို သူမအား ဖွင့်ပြလေသည်။ “ အနန္တတန်ခိုးရှင်သည် ဒုက္ခပြင်းထန်စွာ ခံရသူတို့အပေါ်တွင် ဂရုဏာထားတော်မူ၏။ တစ်ချိန်တည်းတွင် သူသည် ထိုသို့ အသိမရှိသူတို့အပေါ် စိတ်ပျက်တော်မူသည်၊ အကြောင်းမှာ လူသားတို့ထံမှ အဖြေကို သူသည် ကြာမြင့်စွာစောင့်ခဲ့ပြီးလေပြီ။ သူသည် ရှာဖွေလိုသည်၊ သင့်နှလုံးသားနှင့် စိတ်ဝိညာဉ်ကို တွေ့ရှိလိုသည်။ သူသည် သင့်ကိုနှိုးထစေရန် ရေနှင့် အစာကို ပေးချင်သည်။ သင်သည် စားသောက်ရလျှင် နောင်တွင် ရေငတ်ဆာလောင်မှု ဖြစ်တော့မည်မဟုတ်။ သင်သည် ငြီးငွေ့သောအခါနှင့် ဤလောကတွင် အထီးကျန်မှုကို စတင်ခံစားရလာသောအခါ စိတ်ရှုပ်ခြင်း၊ ငိုယိုခြင်းကို မပြုလေနှင့်။ စောင့်ကြည့်သူဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် မည်သည့်အချိန်တွင်မဆို သင်ရောက်လာခြင်းကို ပွေ့ဖက်ပေးလိမ့်မည်။” ဘုရားသခင်၏ အသံတော်မှ ခေါ်ဆောင်ခြင်းသည် ဂျင်း၏ ရှည်ကြာစွာ ခံစားချက်မဲ့နေသည့် နှလုံးသားကို နိုးထစေခဲ့ပြီး၊ သူမ၏ မှောင်မိုက်သည့် ဘဝတွင် မျှော်လင့်ချက် လင်းရောင်ခြည်လေး တစ်ခုကို တွေ့မြင်ခဲ့သည်။ သူမ၏ လောင်းကစားစွဲလမ်းမှုသည် သူမမိသားစု ကို ပျက်စီးစေသည့်အပြင်၊ သူမကိုလည်း စိတ်ဆင်းရဲအောင် လုပ်နေသော်လည်း၊ ဘုရားသခင်က သူမကို မစွန့်လွှတ်သည့်အပြင်၊ သူမကို ဧဝံဂေလိတရာတော်ဟောကြားရန် နှင့် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာရန် သူမ၏ မိတ်ဆွေကို အသုံးပြုခဲ့ကြောင်း နားလည်သဘောပေါက်လာခဲ့သည်။ထိုအတွေးက သူမနှလုံးသား ကို တို့ထိခဲ့ပါသည်။ သူမသည် လောင်းကစား၏ စုံစမ်းသွေးဆောင်မှုမှ အောင်မြင်ဖို့ နှင့် သူမ၏ စာရိတ္တပျက်ပြားသည့် ယခင်ဘဝမှ ရုန်းထွက်လွတ်မြောက်ဖို့ တို့အတွက် ဘုရားသခင်ကို ယုံကြည်ရန် ၊ ဘုရားသခင်နှင့် လိုက်လျှောက်ရန် အပြင်၊ ဘုရားသခင်ကို မှီခိုရန် စိတ်ပိုင်းဖြတ်လာ မိပါသည်။ စုံစမ်းသွေးဆောင်ခြင်း၏ ပိတ်လှောင်ခြင်းကို ခံရခြင်း၊ လောင်းကစားခြင်း၏ စစ်မှန်သော အသွင်ကို ပထမဆုံး အရိပ်အခြေမြင်ရခြင်း နေ့ခင်းတစ်ရက်တွင် တယ်လီဖုန်းဆိုင်သည် ခြောက်ကပ်နေသည်။ သူမ၏ လောင်းကစားသမား မိတ်ဆွေများထဲမှ တစ်ဦးက “ ဟဲ့။ ငါနင့်ကို လောင်းကစားရုံမှာ အခုနောက်ပိုင်း ဘာဖြစ်လို့ မတွေ့ဖြစ်တာလဲ” ဟုမေးသည်။ “ ငါ့မှာ အချိန်မရှိဘူးဟာ။ ငါစီးပွားရေးလုပ်နေရတယ်” ဟု ဂျင်းက ပြန်ဖြေခဲ့သည်။ “ ပြီးခဲ့တဲ့ ရက်အနည်းငယ်က၊ ဒိုင်တွေထဲက တစ်ယောက်က တော်တော် အခြေအနေဆိုး တာဟာ။ ပြီးတော့ လူတွေကလည်း ငွေတွေ သောက်သောက်လဲ နိုင်လိုက်ကြတာ။ နင်လဲ ပိုက်ဆံနည်းနည်းပါးပါးရအောင် သွားဆော့ပါလား။ ဖုန်းဆိုင်ကိုချည်း တစ်နေ့လုံး စောင့်ကြည့်နေရတာ ပျင်းဖို့ကောင်းမှာပဲနော်။ နင့်ကိုယ်နင် ပျော်တော်ဆက်ဖို့ အချိန်လေး နည်းနည်းယူဖို့ လိုနေပြီ။” ဟု သူမကို ဖြားယောင်းရန် မျှော်လင့်ချက်ဖြင့် သူမမိတ်ဆွေကပြောခဲ့သည်။ သူမမိတ်ဆွေ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံရပြီး၊ ဂျင်း၏ နှလုံးသားသည် တစ်ဖန်မိုက်မဲစွာဖြင့် တို့ထိခြင်း ခံရပြန်သည်။ သူမက “ တစ်နေ့လုံးကြီး ဖုန်းဆိုင် စောင့်ကြည့်ရတာ တကယ်ကို ပျင်းစရာကြီးပါ။ အခု နေ့လည်ခင်းရောက်ပြီ။ ပြီးတော့ ဘာအလုပ်မှလည်း မဖြစ်ဘူး။ အဲဒီတော့ ငါလည်း အပြင်ထွက်ပြီး လောင်းကြေးသွားထပ်တာပဲ ကောင်းတယ်” ဟု တွေးမိသည်။ ထို့ကြောင့် သူမသည် ဆိုင်ကိုပိတ်ပြီး လောင်းကစားလုပ်ရန် အပြင်သို့ ထွက်သွားခဲ့သည်။ ထိုနေ့တွင် သူမ၏ ကံကောင်းနေခဲ့ပြီး၊ ယွမ်ရာတန်အနည်းငယ် နိုင်လာခဲ့သည်။ ဂျင်းသည် အိမ်သို့ ပျော်ရွှင်စွာ ပြန်သွားခဲ့သော်လည်း၊ အိမ်သို့ရောက်သည့်အချိန်တွင် သူမအိတ်ကို ကိုင်ကြည့်ရာ၊ ယွမ်ရာတန်အချို့ ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ဤသည်မှာ သူမသည် ဘုရားသခင်ထံတွင် လောင်းကစားပြုခြင်း ရပ်ဖို့ ကျိန်ဆိုထားသော်လည်း ယနေ့သွားပြီး လောင်းကစားလုပ်ခဲ့သည်ကို ဘုရားသခင်က သတိပေးခြင်း တစ်ခုဖြစ်ကြောင်းကို ချက်ခြင်း နားလည်သဘောပေါက် ခဲ့ပါသည်။ ဒါက ဘုရားသခင်ကို လှည့်စားတာ မဟုတ်ဘူးလား။ သူမ ထိုအကြောင်းကို တွေးမိသည့်အချိန်တွင်၊ ဂျင်းသည် ပြင်းပြင်းထန်ထန် နောင်တရခြင်းကို ချက်ခြင်း ခံစားခဲ့ရပါသည်။ သူမက “ ဘုရားသခင်၊ ကျွန်မ ဒီလိုမျိုးတော့ မလဲကျချင်ပါဘူး။ ပြီးတော့ ကိုယ်တော့်ကို ဒါမျိုးလည်း မလှည့်စားချင်ပါဘူး။ ဒါပေမဲ့ ကျွန်မအပြစ်တွေကို အောင်မြင်နိုင်ဖို့ အစွမ်းအစမရှိပါဘူး။ ကျွန်မ လောင်းကစားလုပ်တာက ရုန်းထွက်လွတ်မြောက်နိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို ကူညီ လမ်းပြတော်မူပါ” ဟု ပြောကာ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ဂျင်းသည် ဘုရားသခင့် နှုတ်ကပတ်တော် စာအုပ်ကို ဖွင့်ပြီး အောက်ပါ ဖော်ပြချက်များကို တွေ့ရှိခဲ့သည်။ “ ဤအရာသည် ပျော်ပွဲပြည့်ပြီး ခမ်းနားထည်ဝါသည့် ကမ္ဘာကြီးနှင့် တူပုံ ပေါ်ပြီး ယင်းသည် ပို၍ပို၍ တူလာလေသည်။ လူများသည် ကမ္ဘာကြီးကို ကြည့်သောအခါ သူတို့၏ လုံးသားသည် ဤအရာသို့ ဆွဲယူခြင်းခံရသည်။ လူအပေါင်းသည် ဤအရာမှ သူတို့ကိုယ်သူတို့ လွတ်မြောက်ဖို့ မတတ်စွမ်း နိုင်ကြပေ။ လှည့်ကွက်နှင့် မှော်အတတ်ကို စိတ်ဝင်စားသောသူများသည် လူအများအပြားကို ပျော်ပျော်ပါးပါးဖြင့် အချိန်တွေ ကုန်လွန်စေမည်။ အကယ်၍ … သင်သည် တိုးတတ်ခြင်းရရန် မရုန်းကန်လျှင်၊ စံပြအရာများမရှိလျှင် သင်သည် ဤအပြစ်တရားလှိုင်းအားဖြင့် ဖယ်ရှားခံရမည်။” သူမသည် အသက်တာဝင်ရောက်ခြင်း အကြောင်း ဒေသနာတစ်ခုမှ ကျမ်းပိုဒ်တစ်ခုကိုလည်း တွေ့ခဲ့ပါသည်။ “ မင်းတို့က စာတန်ရဲ့ လောကီဆိုင်ရာ ခေတ်စားမှုများရဲ့ အနှစ်သာရကို သိရပါမယ်။ ဒီနေ့ခေတ်မှာ လူအများစုက လောကီဆိုင်ရာ ခေတ်စားမှုတွေနောက်ကို လိုက်ချင်ကြတယ်။ ဒီလိုလူတွေက လောကမှာ လူကြိုက်များတဲ့အရာ ဒါမှမဟုတ် ခေတ်စားနေတဲ့ အရာ ဘာမဆိုကို လိုက်လံရှာဖွေကြမှာ ဖြစ်တယ်။ ပြီးတော့ ဒါက အရမ်းကို ဖက်ရှင်ကျပြီးတော့၊ တိုးတက်တီထွင်မှုများ တယ်လို့ ယုံကြည်ကြတယ်။ ဒီလိုလူတွေက စာတန်ရဲ့ အုပ်စိုးမှုအောက်မှ အသက်ရှင်နေထိုင်နေကြတယ်။ လောကီဆိုင်ရာခေတ်စားမှုတွေ ဘယ်လိုဖြစ်တည်လာလဲ။ အဲဒါတွေက လောက နဲ့ စာတန်တို့နဲ့ သက်ဆိုင်တဲ့ သူတွေဆီက စခဲ့တယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုဘူး။ အဲဒါတွေက ဘုရားသခင်ဆီက စတင်ခဲ့တာ မဟုတ်ဘူး။ လောကီဆိုင်ရာ ခေတ်စားမှုတွေက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ အတွေးဦးတည်ရာ လမ်းကြောင်းတွေက ထွက်ပေါ်လာတာ ဖြစ်တယ်။ ဒါကြောင့်လည်း လူသားမျိုးနွယ်က ပိုပြီး ဖောက်ပြန်ပျက်စီးလေ၊ ဆိုးညစ်တဲ့ လောကီဆိုင်ရာ ခေတ်စားမှုတွေက ပိုများလာလေ ဖြစ်ပြီး၊ အဲဒါတွေက ဘုရားသခင်ကို ပိုမိုခုခံလေ ဖြစ်လာတယ်။ ဒါက အမှန်တရားပဲ။” ဂျင်းသည် ဤစကားများကို ချင့်ချိန်စဉ်းစားရင်း လောင်းကစားသည် စာတန်ထံမှ ပေါ်ထွက်လာသည့် ဆိုးညစ်သောခေတ်စားမှု တစ်ခုဖြစ်သည်ကို နားလည်သဘောပေါက်ခဲ့ရသည်။ စာတန်သည် “ လောင်းကစားခြင်းက စိုးရိမ်ပူပန်မှုတွေအားလုံးကို သက်သာစေတယ်” “ သင့်ကိုယ်သင် ကျွေးမွေးဖို့ဆို လောင်းကစားနည်းနည်းလုပ်ပါ၊ ချမ်းသာဖို့ဆို လောင်းကစား အများကြီး လုပ်ပါ” နှင့် “ ဘဝက တိုတောင်းတဲ့အတွက် လက်ရှိအချိန်မှာ စည်းစိမ်ခံစားပါ” ဆိုသည့် အကြံဉာဏ်များဖြင့် ကျွန်ုပ်တို့ကို လွှမ်းမိုးသည့်အပြင်၊ ကျွန်ုပ်တို့၏ ငွေကို ကိုးကွယ်မှုနှင့်အတူ ကျွန်ုပ်တို့ကို လောင်းကစားခြင်း၏ မသမာသော နည်းလမ်းများကို အသုံးပြုကာ ငွေရှာလိုအောင် လုပ်ခဲ့သည်။ ပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့် ကျွန်ုပ်တို့သည် ၎င်းအားဖြင့် မလွတ်ကင်းနိုင်အောင် ပိတ်မိလာသည်မှာ မရေမတွက်နိုင်သည့် မိသားစုများ ပြိုကွဲပြီး၊ ကြွယ်ဝမှုများကို ဖြုန်းတီးပစ်သည့်အပြင်၊ ဘဝလည်း ပျောက်ဆုံးခဲ့ရပါသည်။ဂျင်းသည် သူမပတ်ဝန်းကျင်မှ ဤအကြံဉာဏ်များဖြင့် မည်သို့လွှမ်းမိုးခြင်းခံခဲ့ ရကြောင်း၊ လောင်းကစားကို အပြုသဘောဆောင်သည့် လိုက်စားမှုတစ်ခုအဖြစ် သူမ မည်သို့ဆင်ခြင် သုံးသပ်ခဲ့ကြောင်း၊ သူမအနေဖြင့် လောင်းကစားကို သူမ၏ စိုးရိမ်ပူပန်မှုများ ပြေလျော့စေသည့် နည်းလမ်းတစ်ခုအဖြစ် တွေးထင်ခဲ့ရုံသာမက၊ ငွေရှာရန် နည်းလမ်းတစ်ခု အဖြစ်ပါ မည်သို့ တွေးထင်ခဲ့ကြောင်း အပြင်၊ သူမသည် အဆုံးသတ်တွင် မည်သို့ လောင်းကစားဖြင့် နက်ရှိုင်းစွာ ပိတ်မိခဲ့ကြောင်း သူမ၏ ကိုယ်ပိုင်အခြေအနေများကို ဆင်ခြင်သုံးသပ်ခဲ့ပါသည်။ သူမ ပိုက်ဆံများ နိုင်ခဲ့သည့်အချိန်က ပို၍ အနိုင်ရလိုသော်လည်း၊ သူမ ရှုံးရသည့်အခါတွင်၊ ပိုက်ဆံများပြန်နိုင်ရန်ကလွဲပြီး အခြား မည်သည့်အရာကိုမျှ မတွေးနိုင်ခဲ့သည့်အပြင်၊ ရလဒ်အနေဖြင့် သူမလောင်းကစား လုပ်လေ၊ ပိုရှုံးလေ ဖြစ်ပြီး၊ ပိုရှုံးလေ သူမက ပိုလောင်းကစားလုပ်လေ ဖြစ်နေခဲ့ပါသည်။ ထိုသည်မှာ ကြမ္မာဆိုးတစ်ခုဖြင့် လုံးလည်ချာလည် လိုက်နေသကဲ့သို့ ဖြစ်နေပြီး သူမခင်ပွန်းထံမှ အိမ်သုံးစရိတ်ပင် ဆုံးရှုံးခဲ့ရပါသည်။ ထို့နောက် သူမသည် လောင်းကစားခြင်းကို စွဲလမ်းလာကတည်းက သူမကလေးများအတွက် ဂရုမစိုက်ခဲ့သည့်အပြင်၊ ကလေးတစ်ယောက်သည် ငယ်ငယ်ရွယ်ရွယ်နှင့် အစာအိမ်ရောဂါ ဖြစ်ရပါသည်။ လောင်းကစားခြင်းနှင့် ပတ်သက်ပြီး သူမခင်ပွန်းနှင့်လည်း မကြာခဏ စကားများရန်ဖြစ်သည့်အပြင်၊ တစ်ချိန်က သူမ၏ ရိုးသားသည့်ခင်ပွန်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် စတင်လောင်းကစား လုပ်ကာ၊ ၎င်းတို့ဘဝများအတွက် အခြေခံ အကျဆုံး အထောက်အပံ့များ ပေးရန်ပင် ခက်ခဲလာစေပါသည်။ ဤသည်တို့မှာ စာတန်နှင့် တကွ ပေါ်ထွန်းလာသည့် ဆိုးညစ်သည့် ခေတ်စားမှုများ၏ နောက်ဆက်တွဲအကျိုးများ ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် အနာဂတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုဖတ်ရှုကာ၊ သမ္မာတရားကို ပိုမိုနားလည်အောင် လိုက်လံ ရှာဖွေပြီး၊ စာတန်၏ လှည့်စားမှုများကို ထိုးဖောက်မြင်တတ်ရန် သင်ယူသည့်အပြင်၊ လောင်းကစား ကို ရှောင်ကြဉ်ပြီး၊ သာမာန် ဘဝဖြင့် အသက်ရှင်နေထိုင်ပါတော့မည်ဟု ဘုရားသခင်ထံ တိတ်တဆိတ် ကျိန်ဆိုလေသည်။ စုံစမ်းသွေးဆောင်ခြင်းကို တစ်ဖန်ရင်ဆိုင်ခြင်း၊ ဘုရားသခင်ကို မှီခိုခြင်းဖြင့် ၎င်းကို အောင်မြင်ခြင်း တစ်ချိန်က ဂျင်းသည် လမ်းပေါ်မှနေ သူမ ရင်းနှီးသော လူများစွာတို့ လောင်းကြေးထပ်နေသည်ကို မြင်နေရသည့် လောင်းကစားရုံတစ်ခုကို ဖြတ်လျှောက်လာပြီး၊ လောင်းကစားသမားများ၏ စိတ်လှုပ်ရှားသည့် အော်သံများသည် သူမ၏ နှလုံးသားကို နေမထိထိုင်မသာဖြစ်အောင် ဆွဲဆောင် လေသည်။ လောင်းကစားဝိုင်း စားပွဲများ၏ ရင်တုန်ပန်းတုန် ဖြစ်ခြင်း နှင့် စိတ်လှုပ်ရှားခြင်း အမှတ်ရစရာများသည် သူမခေါင်းထဲတွင် ပေါ်ထွက်လာခဲ့ပြီး၊ သူမသည် “ ဘာဖြစ်လို့ နောက် တစ်ချက်လောက် မကြည့်ရမှာလဲ” ဟု တွေးရင်းဖြင့် ထိုလောင်းကစားဝိုင်းဆီသို့ သတိမမူမိပဲ ဆွဲဆောင် ခြင်းခံရလေသည်။ သို့သော်လည်း သူမသည် လောင်းကစားရုံထဲသို့ ခြေလှမ်းလှမ်းမည့် ဆဲဆဲ တွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခုကို တွေးမိခဲ့သည်။ “ ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း များကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။ ငါ၏လူများတို့။ သင်တို့သည် ငါ၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအထဲတွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အကျင့်ပျက်စွာ မပြုမူကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏ သစ္စာစောင့်သိခြင်းကို ငါ၏ အိမ်တော်သို့ ပေးလှူလော့၊ သင်၏ သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တိုက်လှန်နိုင်မည် ဖြစ်သည်။ မည်သည့်အခြေအနေအောက်တွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင် တစ်မျိုး ငါ၏နောက်ကွယ်တွင် တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့ လုပ်ဆောင်ပါက သင်သည် မရွေးနှုတ် နိုင်လောက်အောင်ပင် ဖြစ်နေပြီးဖြစ်သည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် ငါမြွက်ဆိုခဲ့သည်မှာ သေချာပါသည်၊ ငါမမြွက်ဆိုခဲ့သလော။ တိတိကျကျဆိုပါက လူသား၏ သဘာဝအဟောင်းသည် ပဲ့ပြင်ဆုံးမ၍ မရသောကြောင့်သာ ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ခြင်း ဖြစ်သည်။ ငြီးငွေ့မသွားနှင့်။… ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ မသိကြ၊ မိမိတို့ကြားသော အရာအားလုံးတို့ကို လွန်ကဲသော လေတစ်လုံးမိုးတစ်လုံး စကားများ အဖြစ်သာ မှတ်ယူကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသော အရာကို ငါသည် အမှတ်ရသည် မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် ခွင့်လွှတ်ပေးခြင်းအားဖြင့် သင့်ကို သက်ညှာပေးရန် စောင့်မျှော်နေဆဲ ရှိသလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့ အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူသား၏ ဝိညာဉ်အသက်တာ သည် အလွန်ပင် နိမ့် လွန်း လှသောကြောင့် ငါသည် သူ့အား မြင့်မားသော တောင်းဆိုမှုများကို မပြု။ ငါတောင်းဆို သမျှမှာ လူသားသည် မိမိကိုယ်မိမိ မဖြုန်းတီးရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤပြဋ္ဌာန်းချက် တစ်ခုကို သင်ဖြည့်စွမ်းရန်မှာ သင်၏ တတ်နိုင်စွမ်းကို ကျော်လွန်နေခြင်း မရှိသည်မှာ သေချာသည် မဟုတ်လော။” လောင်းကစားခြင်းသည် စာတန်က လူများကို ဝါးမျိုးရန် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ စာတန်ကလူများကို လှည့်စားရန် “ ဒုတိယဝင်ငွေ မရှိတဲ့ လူတစ်ယောက်က ဘယ်တော့မှ မချမ်းသာဘူး၊ ညဖက်မှာ မြက်ခြောက်မစားရတဲ့ မြင်းတစ်ကောင်က ကိုယ်အလေးချိန်တက်လာမှာ မဟုတ်သလိုပေါ့” နှင့် “ သင့်ကိုယ်သင် ကျွေးမွေးဖို့ဆို လောင်းကစားနည်းနည်းလုပ်ပါ၊ ချမ်းသာဖို့ဆို လောင်းကစား အများကြီး လုပ်ပါ” တို့ကဲ့သို့သော အကြံဉာဏ်များကို အသုံးပြုကြောင်း၊ လူများစွာတို့ကို လောင်းကစားဖြင့် မိမိကိုယ်ကို အလိုလိုက်ပြီး စိတ်ရှုပ်ထွေးစေကြောင်း၊ နှင့် အဆုံးသတ်တွင် ထိုအကြံဉာဏ်များကို အသုံးပြုကာ ၎င်းတို့ပေါ်နင်းချေပြီး ထိခိုက်နစ်နာစေမည် ဖြစ်ကြောင်း တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူမ နားလည်သဘောပေါက်ခဲ့ရပါသည်။ နောက်ဆုံးတွင် လူများသည် လောင်းကစားခြင်းကြောင့် ၎င်းတို့၏ ကြွယ်ဝမှုများကို ဆုံးရှုံးသည့်အပြင်၊ ၎င်းတို့၏ အသက်များကိုပင် ဆုံးရှုံးကြရလေသည်။ ယခင်က သူမတွင် သမ္မာတရားမရှိသည့်အချိန်က စာတန်၏ ဆိုးညစ်သော ဆိုရိုးများနှင့် မိုက်မဲသော အယူအဆများကို ခွဲခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခဲ့သည်၊ သူမသည် မိန်းမောတွေဝေနေသည့်အလား သူမကိုယ်သူမ လောင်းကစားတွင် နှစ်မြုပ်ထားပြီး လောင်းကစားကို ပျော်မွေ့ရာတစ်ခုအဖြစ်၊ သူမကို ချမ်းသာစေမည့် အရာတစ်ခုအဖြစ်ပင် ဆင်ခြင်သုံးသပ်ခဲ့သော်လည်း၊ အဆုံးသတ်တွင် သူမသည် စာတန်၏ အကျဉ်းသားဖြစ်လာပြီး၊ လူသားတစ်ယောက် အဖြစ်ထက် တစ္ဆေတစ်ကောင်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ပါသည်။ သို့သော်လည်း ယခုအခါတွင် သူမသည် ယခုဘုရားသခင်ကို ယုံကြည်ခဲ့ပြီး၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ခြင်းများမှတစ်ဆင့် လောင်းကစားခြင်း၏ အန္တရာယ်နှင့် အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခဲ့ပါသည်။ သူမ သွားပြီး လောင်းကစား ထပ်လုပ်ပါက၊ သူမသည် ယခင် စာရိတ္တပျက်ပြားသည့် ဘဝကို ပြန်သွားခြင်းပင် မဟုတ်ပါသလား။ သူမဤသို့ ဆက်လုပ်နေပါက၊ သူမသည် ဘုရားသခင်နှင့် ဝေးသထက်ဝေးမည်သာ ဖြစ်ပြီး၊ စာတန်အားဖြင့် ပျက်စီးပြီး၊ စာတန်၏ ဝါးမျိုခြင်းကို ခံရမည် ဖြစ်ပါသည်။ ဤသည်ကို သူမ နားလည်သဘောပေါက်သည့်အခါတွင် ဂျင်းသည် လောင်းကစားရုံကဲ့သို့ အကျင့်စာရိတ္တပျက်ပြားသော နေရာမျိုးမှ ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် သူမသည် ပြန်လှည့်ပြီး ဝေးရာသို့ လျင်မြန်စွာ လျှောက်သွားလိုက်ပါသည်။ အသစ်မှစတင်ခြင်း၊ မှောင်မိုက်သည့် ဘဝတွင် အလင်းကိုရှာဖွေခြင်း နောက်ပိုင်းတွင် ဂျင်းသည် သူမကိုယ်သူမ အားပေးရန် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို မကြာခဏ ဖတ်ရှုခဲ့သည်။ “ တိရစ္ဆာန်နှင့်မခြားသည့် အကျင့်စာရိတ္တ ပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ သင့်ကိုယ်သင် လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် လေးနက်သောဘဝ၊ တန်ဖိုးရှိသောဘဝဖြင့် ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ် သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။… သင့်အသက်တာကို မည်သို့ ရှင်သန်သင့် သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့ အသုံးပြုသင့် သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်။ လေးနက်သော အသက်တာဖြစ်စေရန်နှင့် လေးနက်သောအမှန်တရားများကို တွေ့ကြုံရန် သင်လေ့လာရမည် ဖြစ်ပြီး ဤသို့ဖြင့် သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ချိုမြန်သည့် စမ်းချောင်းမှ ရေကဲ့သို့ ဂျင်း၏ နှလုံးသားကို ပိုမို၍အာသာဆန္ဒပြင်းပြစေခဲ့ပါသည်။ သူမအနေဖြင့် စိတ်ရှုပ်ထွေးခြင်း၌ ဆက်ပြီး လုံးဝ အသက်ရှင်မနေထိုင်စေရန် ၎င်းတို့က သူမအား ရှေ့ဆက်ဖို့ ဦးတည်ရာလမ်းကြောင်းကို ညွှန်ပြပြီး၊ အချက်ပြခေါ်ဆောင် ခဲ့ပါသည်။ စာတန်၏ ဆိုးညစ်သော ခေတ်စားခြင်းများနောက် လိုက်ခြင်းသည် ပျော်ရွှင်မှုဆီသို့ ဦးတည်မည် မဟုတ်သော်လည်း ထိုအစား ခါးသီးသော စိတ်ဆင်းရဲခြင်းဆီသို့သာ ဦးတည်မည် ဖြစ်ကြောင်းကို သူမသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပါသည်။ သူမ၏ အတိတ်မှ အကျင့်စာရိတ္တပျက်ပြားသည့် ဘဝနေထိုင်မှုပုံစံကို လက်ခွဲစကားပြော နှုတ်ဆက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် သူမကိုယ်သူမ အသစ်ဖြစ်စေခြင်း အားဖြင့်သာလျှင် သူမသည် ဝိညာဉ်ရေးရာ ငြိမ်သက်ခြင်း နှင့် ဝမ်းမြောက်ခြင်းတို့ကို ပျော်မွေ့နိုင်မည် ဖြစ်ကြောင်း၊ ဤသည်သာလျှင် စစ်မှန်သည့် ပျော်ရွှင်မှု နှင့် ကျေနပ်ရောင့်ရဲမှု ဖြစ်ကြောင်း၊ ဤသည်သာလျှင် လောက၏ မည်သည့်စားခြင်း၊ သောက်ခြင်း၊ ဖျော်ဖြေမှု၊ ကြွယ်ဝချမ်းသာမှု နှင့် ဂုဏ်ကျက်သရေတို့ကို မဆို အစားထိုးမည့် အမှန်တကယ် အဓိပ္ပါယ်ရှိသည့် အသက်တာတစ်ခု ဖြစ်ကြောင်း သူမအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်သဘောပေါက် ခဲ့ရပါသည်။ ဂျင်းသည် သူမ၏ အတိတ်မှ အကျင့်စာရိတ္တပျက်စီးသည့် ဘဝနေထိုင်မှုပုံစံကို လုံးလုံးလျားလျား လမ်းခွဲနှုတ်ဆက်လိုက်ရန် ၊ လောင်းကစားခြင်း၏ ဆိုးညစ်သည့် လမ်းကြောင်းတွင် လုံးဝမလျှောက်တော့ရန်၊ ပြီးနောက် ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန်၊ သမ္မာတရားကို လိုက်လံရှာဖွေရန်၊ အသက်တာတွင် မှန်ကန်သည့် လမ်းကြောင်းကိုလျှောက်ရန် နှင့် အဓိပ္ပါယ်ရှိသည့် အသက်တာတွင် အသက်ရှင်နေထိုင်ရန် တို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ထို့နောက်တွင် လောင်းကစားရုံသို့သွားရန် သူမ၏ မိတ်ဆွေများက သူမကို ရန်စဖို့ကြိုးစား သည့်အချိန်တွင်၊ ဂျင်းသည် စာတန်၏ လှည့်စားမှုများကို ထိုးထွင်းသိမြင်နိုင်ပြီး၊ ၎င်းတို့ကို စတင်ကာ ငြင်းဆန်ခဲ့ပါသည်။ တစ်နေ့တွင် ဂျင်းသည် လောင်းကစားရုံမှ သူမ၏ မိတ်ဆွေဟောင်းများထဲမှ တစ်ယောက်နှင့် လမ်းပေါ်တွင် ဆုံခဲ့သည်။ ၎င်းက သူမအား “ ဂျင်း၊ နင်လောင်းကစားဖြတ်နိုင်တာကို ငါ နင့်ကို တကယ်ပဲ အားကျတယ်။ ငါတော့ မပြတ်နိုင်တာ အသေအချာပဲ။ ငါသာ လောင်းကစားဖြတ်ရရင် သေမှာပဲလို့ ငါထင်တယ်” ဟုပြောသည်။ ဂျင်းက သူမမိတ်ဆွေ၏ မျက်လုံးများထဲမှ အားကျစိတ်ကို မြင်သည့်အချိန်တွင်၊ သူမဖို့ ဘုရားသခင်၏ ကယ်တင်ခြင်း အတွက် သူမနှလုံးသားထဲမှ နက်ရှိုင်းသော ကျေးဇူးရားကို ခံစားရသည်။သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ကာကွယ်ခြင်းတို့၌ လမ်းပြခြင်း မရှိပါက၊ သူမကိုယ်ပိုင် အစွမ်းအစများကို အသုံးပြုပြီး သူမသည် လောင်းကစားခြင်းမှ မည်သည့်အခါမျှ ရုန်းထွက်လွတ်မြောက်နိုင်မည် မဟုတ်သည့်အပြင်၊ လွတ်မြောက်ရာလမ်း မရှိပဲ၊ အိမ်သို့လည်း ပြန်၍မရသောကြောင့် သူမ ယောက်မကဲ့သို့ အဆုံးသတ်ရမည်ကို သိရှိခဲ့ပါသည်။ တစ်ညနေတွင် ဂျင်း၏ခင်ပွန်းသည် အလုပ်မှ အိမ်သို့ပြန်ရောက်လာပြီး၊ စားပွဲပေါ်သို့ စာအိတ်တစ်အိတ်ကို ပျော်ရွှင်စွာတင်လိုက်သည်။ “ ရော့ ဒီမှာ ဒီလ ရဲ့လစာ၊ အဲဒါ မင်းပဲ စီမံလိုက်လို့ ရတယ်” ဟု အားနီယူက အပြုံးဖြင့်ပြောလေသည်။ ဂျင်းက သူ့ခင်ပွန်းကို တအံ့တသြဖြင့် ကြည့်ကာ “ ဒါကို စီမံဖို့ ရှင်က ကျွန်မကို ယုံတယ်လား” “ ဟုတ်တယ်လေ။ မင်းမှ လောင်းကစား လုံးဝ မလုပ်တော့တာ မင်းက ဒီလောင်းကစားစွဲတာကို မင်းဘာသာ လုံးဝဖြတ်ပစ်လိုက်ပြီး၊ မင်းကျန်းမာရေးကလည်း တိုးတက်နေတယ်လေ။ အဲဒါကြောင့် ငါမင်းကို ယုံကြည်စိတ်ချတယ်။ အခုအချိန်ကစပြီး ငါ့လစာကို မင်းစီမံခန့်ခွဲဖို့အတွက် ယူလာပေးမယ်” ဟု အားနီယူက ယုံကြည်သည့် အပြုံးဖြင့် ပြောခဲ့သည်။ သူတို့တစ်ယောက်ကိုတစ်ယောက် ရောင့်ရဲတင်းတိမ်မှုဖြင့် ကြည့်ကာ၊ သူတို့ ပထမဆုံးတွေ့သည့် ရက်ကကဲ့သို့ပင် ပျော်ရွှင်နေကြပါသည်။ ကောင်းကင်တွင် တောက်ပသည့် လမင်းကြီး ပေါ်ထွန်းနေသည်နှင့်အညီ၊ ဂျင်းသည်လည်း သာယာဖွယ်ကောင်းသည် အရာတစ်ခုကို အိပ်မက်မက်နေသည့်အလား သူမအိပ်ရာပေါ်တွင် အပြုံးတစ်စဖြင့် အိပ်မောကျနေပါသည်။ တစ်ခါတစ်ရံတွင် ပုရစ်သံများကို တစ်ညလုံးကြားနေရသည်မှာ ဂျင်းသည် သူမ၏ လောင်းကစားစွဲခြင်းကို စွန့်လွှတ်ခဲ့သည့်အတွက် ချီးမွမ်းသီချင်းဆိုနေသကဲ့သို့ပင် ဖြစ်ပါတော့သည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|