လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် အသားများ၊ ရေအရင်းအမြစ် နှင့် ဆေးဖက်ဝင်အပင်များ အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးအမျိုးမျိုးတို့မှာ သက်သတ်လွတ်အစားအစာ အမျိုးအစားအားလုံး ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများဖြစ်ကြသော်လည်း ၎င်းတို့တွင် လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်သည့် အာဟာရဓာတ်များရှိ၏။ သို့ရာတွင် ဘုရားသခင်က “ယင်းတို့ကို လူသားမျိုးနွယ်အား ပေးခြင်းသည် လုံလောက်၏။ လူသားမျိုးနွယ်သည် ဤအရာများကိုသာ စား၍ရသည်” ဟုမပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌မရပ်ဘဲ ယင်းသို့ရပ်မည့်အစား လူသားမျိုးနွယ်အတွက် သာ၍အရသာရှိသော အရာများကို ပြင်ဆင်ပေးခဲ့၏။ ဤအရာများမှာ မည်သည်တို့နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ လူသားအတွက် ဘုရားသခင်ပြင်ဆင်ထားသော အသားငါးအမျိုးအစားများစွာရှိ၏။ ငါးအားလုံး ရေထဲ၌နေကြ၏၊ ၎င်းတို့အသား၏ ထိတွေ့ခံစားရသည့် အနေအထားသည် မြေကြီးပေါ်တွင်မွေးမြူသော အသားနှင့်ကွာခြားကာ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါး၏ ဂုဏ်သတ္တိများသည်လည်း လူ့ခန္ဓာကိုယ်များ၏ အပူနှင့်အအေးကို ညှိပေးနိုင်သဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန်အကျိုးရှိကြ၏။ သို့ရာတွင် အရသာကောင်းသောအရာကို လွန်ကဲစွာ မွေ့လျော်၍မရပေ။ ယင်းမှာ လူတို့သည် ဤအရာများကို အချိန်ရာသီနှင့်အညီ ပုံမှန်ကျကျနှင့် သင့်တော်စွာ ခံစားနိုင်ရေးအတွက် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သောပမာဏကို လူသားမျိုးနွယ်အား ပေးသနား၏ဟူသော တူညီသည့်ဆိုရိုးပင်ဖြစ်နေသေး၏။ ခြံမွေးကြက်ငှက်များတွင် မည်သည်တို့ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ပါဝင်သည်။ လူအများအပြားသည် ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားအမျိုးအစားများကို ပြင်ဆင်ခဲ့သော်လည်း ဘုရားသခင်၌ သူ၏ရွေးချယ်ခြင်း ခံရသူများအတွက် သတ်မှတ်ချက်အချို့ရှိပြီး ၎င်းကိုပညတ်တော်ခေတ်တွင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထား၏။ ဤအတိုင်းအတာကို တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်ပိုင်နားလည်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့်အာဟာရဓာတ်များပေးပြီး ၎င်းတို့က ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်၏၊ သွေးကို ကြွယ်ဝစေနိုင်ပြီး ကြွက်သားများနှင့် အရိုးများကို သန်မာစေလျက် အင်အားပိုမိုပေးနိုင်၏။ ၎င်းတို့ကို ချက်စားရန်အတွက် လူတို့အနေဖြင့် မည်သည့်နည်းနာများကို အသုံးပြုသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ဤအရာတို့သည် တစ်ဘက်တွင် လူတို့၏အနံ့အရသာများနှင့် စားချင်စိတ်ကို ပိုမိုကောင်းမွန်စေပြီး အခြားတစ်ဘက်တွင် ၎င်းတို့၏ဝမ်းများကို ဖြည့်ဆည်းပေး၏။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ကို နေ့စဉ်အာဟာရလိုချက်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ယင်းတို့မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က အစားအစာပြင်ဆင်ပေးသည့်အခါ သူထည့်သွင်းစဉ်းစားခဲ့သည့် အရာများဖြစ်သည်။ သက်သတ်လွတ်အစာများအပြင် အသားများလည်းရှိ၏၊ ယင်းသည် ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင်ပြင်ဆင်ခဲ့စဉ်က ဘုရားသခင်၏ မူလရည်ရွယ်ချက်များကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားတို့အနေဖြင့် ၎င်းရုပ်ဝတ္ထုအစားအစာများကို အလိုကြီးစွာ မွေ့လျော်ခံစားစေရန်လော။ လူသားတို့သည် ဤရုပ်ဝတ္ထုကျေနပ်မှုတွင် မိမိတို့ကိုယ်ကို အလိုလိုက်ပါက မည်သို့ဖြစ်မည်နည်း။ ၎င်းတို့သည် အာဟာရပိုလွန်းသွားမည် မဟုတ်လော။ အာဟာရပိုလွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို ဖျားနာမှုအမျိုးမျိုး ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေး၍ လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေခြင်းဖြစ်၏။ ဥပမာ အလွန်ပူပြင်းသော နွေရာသီကို ကျော်ဖြတ်ပြီးနောက် လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာအတွင်း အပူဓာတ်အတော်များများ၊ ရောဂါဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုအတော်များများကို စုဆောင်းမိလာကြပေမည်။ ဆောင်းဦးရာသီရောက်သည့်အခါ အသီးအနှံအမျိုးအစားများစွာ ရင့်မှည့်လာကြမည်ဖြစ်ပြီး လူတို့သည် အသီးအချို့ကို စားကြသောအခါ ၎င်းတို့၏ စိုထိုင်းမှုက ဖယ်ရှားခံရလိမ့်မည်။ တစ်ချိန်တည်းမှာပင် ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည် သန်မြန်သွားခဲ့မည်ဖြစ်သဖြင့် လူတို့သည် အာဟာရဓာတ်အဖြစ် အသားအချို့စားသင့်ပေသည်။ အသားအမျိုးမျိုးကို စားပြီးနောက်တွင် လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ခံနိုင်ရေးအတွက် အထောက်အကူပြုရန် စွမ်းအင်ရှိကြလိမ့်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ကြမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် မည်သည့်အချိန်တွင် မည်သည့်အရာများကို ပြင်ဆင်ပြီး မည်သည့်အချိန်တွင် မည်သည့်အရာများကို ကြီးထွားစေ၍ အသီးသီးစေကာ ရင့်မှည့်စေရမည်ဟူသည့် ဤအရာအားလုံးကို ဘုရားသခင်က အလွန်ချင့်ချင့်ချိန်ချိန်ဖြင့် ကြီးကြပ်ကွပ်ကဲ၍ ထိန်းချုပ်ထားသည်။ ယင်းအကြောင်းအရာသည် “လူသား၏နေ့စဉ်နေထိုင်မှုအတွက် လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” အကြောင်းဖြစ်၏။ အစားအစာအမျိုးမျိုးအပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်နှင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက် လူတို့သည် ရေအနည်းငယ်သောက်ရ၏။ သစ်သီးဝလံကိုစားရုံနှင့် လုံလောက်သလော။ လူတို့သည် သစ်သီးဝလံသာစားခြင်းကို သည်းခံနိုင်မည်မဟုတ်ပေ၊ ထို့အပြင် အချို့ရာသီများတွင် သစ်သီးဝလံမရှိပေ။ ထိုသို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ရေကန်များ၊ မြစ်များနှင့် စမ်းများအပါအဝင် ရေအရင်းအမြစ်များစွာကို မြေပေါ်မြေအောက်၌ ဘုရားသခင်ပြင်ဆင်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ဤရေအရင်းအမြစ်များကို မည်သည့်ညစ်ညမ်းမှုမျှမရှိသော၊ သို့တည်းမဟုတ် လူသား၏စီမံပြုပြင်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းမရှိသော အခြေအနေများတွင် သောက်နိုင်ကြ၏။ တစ်နည်းဆိုရလျှင် လူသားမျိုးနွယ်၏ ရုပ်ခန္ဓာများဆိုင်ရာ အသက်တာများအတွက် အစာအရင်းအမြစ်များနှင့်ပတ်သက်၍ ဘုရားသခင်သည် အလွန်တိကျမှန်ကန်ကာ အလွန်သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏၊ ထိုသို့အားဖြင့် လူတို့၏ဘဝအသက်တာများသည် ကြွယ်ဝများပြား၍ မည်သည့်အရာ တစ်စုံတစ်ရာမျှ ချို့တဲ့နေခြင်း မရှိစေရန်ဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် ခံစားနိုင်၍ မြင်နိုင်သော အရာတစ်ခုဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းအကြား လူတို့၌ ဒဏ်ရာအနာတရများကို ပြုစုရန်၊ သို့မဟုတ် ဖျားနာမှုများကို ကုသရန် အထူးအသုံးဝင်သည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် မြက်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာ သင်သည် မီးပူလောင်ပါက၊ သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့ပြုလုပ်သနည်း။သင့်အနေဖြင့် ယင်းကို ရေနှင့်လောင်းချ၍ ရသလော။ တစ်နေရာရာ၌ အဝတ်စတစ်စရှာပြီး ယင်းကို ပတ်ထားလိုက်၍ ရနိုင်သလော။ ဤနည်းဖြင့် ပြည်တည်ခြင်း၊ သို့မဟုတ် ရောဂါပိုးမွှားဝင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဥပမာ သင်၌အဖျားရှိလျှင်၊ အအေးမိလျှင်၊ ကာယအလုပ်ကြောင့် ထိခိုက်မှုဖြစ်လျှင်၊ အစားမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့တည်းမဟုတ် အသက်ရှင်နေထိုင်မှု အလေ့အကျင့်များ၊ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါရောဂါများကဲ့သို့ ရောဂါအချို့ ဖြစ်ပေါ်လျှင် ၎င်းတို့အားလုံးကို ပျောက်ကင်းစေရန် လိုက်လျောညီထွေသည့် အပင်များရှိ၏။ သွေးတန့်မှုကို ဖယ်ရှားရန်၊ နာကျင်မှု သက်သာစေရန်၊ သွေးတိတ်စေရန်၊ မေ့ဆေးထုံဆေးပေးရန်၊ ပုံမှန်အသားအရေ ပြန်လည်ရရှိရေး အထောက်အကူပြုရန်၊ ကိုယ်ခန္ဓာအတွင်း သွေးနှေးခြင်းကို ဖယ်ရှားရန်နှင့် ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားရန် အပင်များရှိ၏။ တိုတိုပြောရလျှင် ၎င်းတို့အားလုံးကို နေ့စဉ်အသက်တာတွင် အသုံးပြုနိုင်၏။ ၎င်းတို့သည် လူတို့အတွက် အသုံးဝင်၍ လူတို့၏ကိုယ်ခန္ဓာ လိုအပ်သည့်အခါအတွက် ဘုရားသခင်က ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့ကို ဘုရားသခင်က လူသားအား မတော်တဆတွေ့ရှိစေခဲ့ပြီး အခြားအရာများကိုမူ အထူးသဘာဝဖြစ်စဉ်အချို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်က ပြင်ဆင်ထားသော လူအချို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီးနောက်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကာ ယင်းနောက် လူများစွာတို့က ၎င်းတို့အကြောင်း သိခဲ့ကြလိမ့်မည်။ ဤနည်းဖြင့် ဤအပင်များကို ဘုရားသခင်၏ဖန်ဆင်းခြင်း၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိပေ၏။ အတိုချုပ်အားဖြင့် ဤအရာများအားလုံးသည် ဘုရားသခင်ထံမှဖြစ်ပြီး လူသားမျိုးနွယ်အတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့စဉ်က ပြင်ဆင်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်၏။ ဤအရာအားလုံးမှာ အလွန်လိုအပ်ပေသည်။ ဘုရားသခင်၏ စဉ်းစားဆင်ခြင်မှုသည် လူသား၏ စဉ်းစားဆင်ခြင်မှုထက် သာ၍ကောင်းမွန်စွာ ချင့်ချင့်ချိန်ချိန်ရှိခဲ့သလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ သင်သည် ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို ခံစားနိုင်သလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့၏။ လူသားသည် ဤလောကသို့ မလာခဲ့သေးမီက၊ ဤလူသားမျိုးနွယ်နှင့် မထိတွေ့သေးမီက ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့ပြီးဖြစ်၏။ သူပြုလုပ်ခဲ့သမျှသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး ၎င်းတို့ အသက်ရှင်နေထိုင်မှုအတွက်ဖြစ်ကာ လူသားမျိုးနွယ်၏ဖြစ်တည်မှုကို စာနာထောက်ထားမှုသောအားဖြင့်ဖြစ်၏၊ ထိုသို့အားဖြင့် လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင်ထားသော ကြွယ်ဝ၍များပြားသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ၊ သို့မဟုတ် အဝတ်အစားအကြောင်း စိုးရိမ်စရာမလိုဘဲ၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲနှင့် ပျော်ရွှင်စွာနေထိုင်နိုင်ရန်ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်၌ ဆက်လက်၍ မျိုးပွားကာ အသက်ရှင်နေထိုင်ကြ၏။
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|