ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ ဤ “လေ” သည် လူသားတို့ စဉ်ဆက်မပြတ်ထိတွေ့နေသည့် နေ့စဉ်အသက်တာ၏ လေပင်ဖြစ်သည် မဟုတ်လော။ ဤလေသည် လူသားတို့ အိပ်စက်နေသည့်အခါ၌ပင်ဖြစ်စေ အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာပင် ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် အရေးကြီးပေသည်၊ ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းဖြစ်သည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤအရာသည် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ထွက်ခွာရန်ပြင်ဆင်သလော။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လေ၏သိပ်သည်းမှုကို ထည့်သွင်းစဉ်းစားသလော။ လေတွင်ပါဝင်သည့်ပစ္စည်းများကို ဘုရားသခင်ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကိုဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း၊ ထို့အပြင် သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် လေကိုလိုအပ်၏၊ ထို့ပြင် အသက်ရှူရန်လည်း လိုအပ်၏။ ပထမဆုံးအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်နှင့် ကိုက်ညီရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ ယင်းသည် လူတို့သိရန်လိုသည့် အရာတစ်ခု မဟုတ်ပေ၊ ဤအရာကိုသိရန် မလိုအပ်။ လေ၏သိပ်သည်းမှုနှင့်ပတ်သက်၍ ကိန်းဂဏန်းအတိအကျကို ငါတို့မလိုအပ်၊ ယေဘုယျထင်မြင်ချက်တစ်ရပ်ရှိရုံမျှဖြင့် ရပြီဖြစ်သည်။ ဘုရားသခင်သည် လူသားတို့အသက်ရှူရန်အတွက် ၎င်းတို့၏အဆုတ်များနှင့် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသားတို့အနေဖြင့် အသက်ရှူကြသည့်အခါ သက်သောင့်သက်သာရှိပြီး ၎င်းတို့၏ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လေ၏သိပ်သည်းမှုနောက်ကွယ်မှ အကြံအစည်ဖြစ်သည်။ ၎င်းနောက်တွင် လေတွင်ပါဝင်သည့်ပစ္စည်းများအကြောင်း ငါတို့ပြောကြမည်။ ပထမအနေဖြင့် လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူတို့အတွက် အဆိပ်မရှိပေ၊ ထို့အတွက်ကြောင့် အဆုတ်နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ချောမောစွာ ဝင်ထွက်ရမည်ဖြစ်ကြောင်းကို ဘုရားသခင်က ထည့်တွက်ခဲ့ရ၏၊ ၎င်းနောက် လေတွင်ပါဝင်သည့် ပစ္စည်းများနှင့် ပမာဏတို့သည် ရှူသွင်းပြီးသည့်အခါတွင် သွေးအပါအဝင် အဆုတ်နှင့် ကိုယ်ခန္ဓာထဲရှိ လေအပိုမှာ သင့်တော်စွာ ခြေဖျက်ခံရလေအောင်၊ ထို့ပြင် ယင်းလေတွင် အဆိပ်ဖြစ်စေသည့် အစိတ်အပိုင်းများ မပါရလေအောင် ရှိနေသင့်သည်။ ဤစံနှစ်ရပ်နှင့်ပတ်သက်၍ ငါသည် သင်တို့ကို အသိပညာများစွာ မပေးလိုဘဲ ထိုအစား ဘုရားသခင်သည် အရာတစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့သည့်အခါက သူ၏စိတ်ထဲ၌ အကောင်းဆုံးဖြစ်သည့် တိကျသော တွေးတောမှုဖြစ်စဉ်တစ်ရပ် ရှိခဲ့ကြောင်းကိုသာ အသိပေးလို၏။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏအပါအဝင်၊ ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ လွင့်မျောလာသည့် ဖုန်မှုန့်တို့နှင့်ပတ်သက်၍ ဤအရာများကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်ဖြစ်သည့် အစီအစဉ်တစ်ရပ်လည်း ဘုရားသခင်၌ ရှိခဲ့သည်။ လေထဲ၌ ဖုန်မှုန့်အချို့ရှိသော်လည်း ကိုယ်ခန္ဓာနှင့် လူသား၏အသက်ရှူခြင်းအပေါ် အန္တရာယ်မပြုစေရန်နှင့် ဖုန်မှုန့်အပိုင်းအစများသည် ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစားဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင်ဖန်ဆင်းခြင်းသည် နက်နဲဆန်းကြယ်ခဲ့သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှလောက်သာ ရိုးရှင်းခဲ့သလော။ (မရိုးရှင်းခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင်ဖန်ဆင်းခြင်း၌ပင်လျှင် သူ၏နက်နဲမှု၊ သူ၏စိတ်များ၊ အတွေးများနှင့် ဉာဏ်ပညာတို့အားလုံးသည် ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ရိုးရှင်းသော အရာတစ်ခုကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစားနေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေဘဲ လူတို့အပေါ် အန္တရာယ်လည်းမဖြစ်စေနိုင်ပေ၊ ထို့အပြင် သိပ်သည်းမှုကိုလည်း လူတို့အသက်ရှူရန်အတွက် ချိန်ညှိထားသည်။ လူတို့ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ၎င်းတို့၏ကိုယ်ခန္ဓာအတွက်၊ ၎င်းတို့၏အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အဟန့်အတားမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်၏။ ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာဖြစ်၍ လူတို့အသက်ရှူရန် မရှိမဖြစ်သောအရာဖြစ်၏။
0 Comments
ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ရပ်၌ ရှိနေရမည့် အရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဆိုကြပါစို့၊ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်းအားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ၎င်းတို့အသက်ရှရသည်မှာ လွန်စွာခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်းကျဆင်းပြီး အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်သို့ ရောက်နေလျှင်ကော အသို့နည်း။ လူသားတို့သည် ၎င်းကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန်အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အခြေခံအားဖြင့် အနုတ် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်၏။ ယင်းသည် မြောက်မှတောင်အထိ အခြေခံအပူချိန်အတိုင်းအတာဖြစ်၏။ အေးသောဒေသများတွင် အပူချိန်များသည် အနုတ် ၅၀ မှ ၆၀ ဒီဂရီစင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသသည် ဘုရားသခင်က လူသားကို နေထိုင်အသက်ရှင်ခွင့် ပြုထားသော နေရာတစ်ခုမဟုတ်ပေ။ ထိုသို့အေးသောဒေသများ အဘယ်ကြောင့်ရှိနေသနည်း။ ဤအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်မပြုပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသောနေရာများကို ကာကွယ်ထား၏၊ ထိုနေရာများ၌ လူသားကို နေခွင့်ပြုရန် သူမပြင်ဆင်ထားဟု ဆိုလိုသည်။ ယင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ပေ။ သူ့အနေဖြင့် ထိုကဲ့သို့သောနေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ထိုနေရာများ၌ ရှင်သန်နေထိုင်ရန်၊ သို့မဟုတ် တည်ရှိရန် ခွင့်မပြုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာသည် ထိုနေရာ၌ရှိ၏။ တစ်နည်းအားဖြင့်ဆိုသော် လူသားအသက်ရှင်နေထိုင်ရန်အတွက် ပတ်ဝန်းကျင်၏ အခြေခံအပူချိန်ကိုလည်း ဘုရားသခင်က အတန်အသင့် ကိုက်ညှိခဲ့၏။ ဤနေရာ၌ နိယာမတစ်ရပ်လည်း ရှိပေသည်။ ထိုကဲ့သို့သော အပူချိန်တစ်ရပ်ကို ထိန်းသိမ်းထားရေးအတွက်၊ ဤအပူချိန်ကို ထိန်းချုပ်ရေးအတွက် အထောက်အကူပြုရန် ဘုရားသခင်သည် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ဤအပူချိန်ကို ထိန်းသိမ်းထားရန် မည်သည့်အရာများကို အသုံးပြုထားသနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ်ပေးနိုင်သည်၊ သို့သော် ပူနွေးလွန်းပါက လူတို့သည် ခံနိုင်ရည်ရှိမည်လော။ နေအနီးသို့ ချဉ်းကပ်ရဲသူ တစ်စုံတစ်ဦးရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ပူလွန်းသောကြောင့်တည်း။ နေအနီးသို့ ချဉ်းကပ်သည့်အခါ ယင်းသည် အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ နေ၏အကွာအဝေးကို တိတိကျကျ တိုင်းတာချက်တစ်ရပ် ပြုလုပ်ခဲ့သည်၊ အထူးအမှုတစ်ရပ်ကို သူပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၌ ဤအကွာအဝေးအတွက် စံနှုန်းတစ်ရပ်ရှိသည်။ ကမ္ဘာ၏တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့လည်း ရှိသေး၏။ ထိုအရပ်၌ အားလုံးသည် ရေခဲမြစ်များဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်များပေါ်တွင် နေနိုင်သလော။ ယင်းသည် လူသားနေထိုင်ရန်အတွက် သင့်တော်သလော။ (မသင့်တော်ပါ။) မသင့်တော်၊ ထို့ကြောင့် လူတို့အနေဖြင့် ထိုနေရာသို့ မသွားပေ။ လူတို့က တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားသဖြင့် ရေခဲမြစ်များကို ထိန်းသိမ်းပြီးသား ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်းတည်းဟူသော ၎င်းတို့၏အခန်းကဏ္ဍကို ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိဘဲ နေသည်လည်း ကမ္ဘာပေါ်တွင် အစဉ်တောက်ပနေပါက ကမ္ဘာပေါ်ရှိ လူအားလုံးသည် အပူဒဏ်ကြောင့် သေဆုံးကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားအသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သောအပူချိန်တစ်ရပ်ကို ထိန်းထားရန် ဤအရာနှစ်ခုကိုသာ အသုံးပြုသလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ တောအုပ်များထဲ၌ ရှိကြကုန်သော သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် အပင်အမျိုးအစားအားလုံး စသည့်သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးရန် ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူ၍ နေ၏အပူစွမ်းအင်ကို ပေါင်းစပ်ဖန်တီး၏။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ၏ မျက်နှာပြင်ဧရိယာသည် မည်သူမဆို သတ်မှတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်၊ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လားရာ၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေနှင့် လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအပါအဝင် ဤရေအရင်းမြစ်အမျိုးမျိုးသည်လည်း လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ထို့အပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေအရပ်များကဲ့သို့ ပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုးလည်း ရှိသေး၏၊ ဤပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုး၊ ၎င်းတို့၏ မျက်နှာပြင်ဧရိယာများနှင့် အရွယ်အစားများသည် အပူချိန်ကို ထိန်းညှိပေးရာ၌ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ကြသည်။ ဥပမာ ဤတောင်သည် အချင်းဝက် ကီလိုမီတာ ၁၀ဝ ရှိပါက၊ ဤကီလိုမီတာ ၁၀ဝ တွင် ကီလိုမီတာ ၁၀ဝ အကျိုးသက်ရောက်မှုတစ်ရပ် ရှိလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင်ဖန်ဆင်းခဲ့သနည်းဟူသည်နှင့် ပတ်သက်၍မူ ယင်းသည် ဘုရားသခင်က သေသေချာချာ ဆင်ခြင်သုံးသပ်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်ရှိပြီး ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များလည်း ပါရှိသည်။ ဆိုကြပါစို့၊ ဥပမာအနေဖြင့် သစ်တောများနှင့် သဘာဝပေါက်ပင်အမျိုးမျိုး၊ ၎င်းတို့ပေါက်ရောက်သည့် မျက်နှာပြင်ဧရိယာနှင့် နေရာအရွယ်အစားကို မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ ဤအရာများအပေါ် မည်သည့်လူသားကမျှ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိပေ။ ၎င်းတို့ ရေမည်မျှစုပ်ယူသည်၊ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှစုပ်ယူသည်တို့ကိုလည်း မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာအားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် ပိုင်နက်အတွင်းတွင် ရှိကြ၏။
ဘုရားနှုတ်ကပတ်တော် | ပုံပြင်နံပါတ် မျိုးစေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေအလင်းရောင်၊ တေးဆိုငှက်များနှင့် လူသား ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး အမြစ်လောင်းလေးများသည်လည်း မြေကြီးအောက်ဖက်ထဲကို တဖြည်းဖြည်း တိုးဝင်ကြီးထွားလာကြသည်။ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီများအလီလီ ပြောင်းလာသည်နှင့်အမျှ အညှောက်လေးသည် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ကြီးထွားလာသည်။ နွေရာသီရောက်သော် ဤအညှောက်လေးသည် အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ကမ္ဘာမြေကြီးသည် ရေလက်ဆောင်များကို ယူလာပေးသည်။ ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရဘဲ နွေရာသီ၏ အပူဒဏ်မှ လွတ်မြောက် ရှင်သန်ခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ့၏နွေးထွေးသည့်ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး တစ်ယောက်နှင့် တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့ကြသည်။ ကမ္ဘာမြေကြီး၏ အနွေးဓာတ်ကြောင့်သာ အညှောက်လေးသည် ဆောင်းရာသီ၏ ပြင်းထန်သည့် လေနှင့် နှင်းဒဏ်ကို ဖြတ်သန်းရင်း ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရပြန်သည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ရဲရင့်လာပြီး ပျော်ရွှင်ခဲ့ရသည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက်သည့် ပြုစုစောင့်ရှောက်မှုကြောင့် ဝင့်ဝင့်ကြွားကြွား ကြီးထွားဖွံ့ဖြိုးလာရသည်၊ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရသည်။ မိုးစက် မိုးပေါက်လေးများ ကျသည့်အသံနှင့်အတူ သူသည် တေးဆိုသည်၊ လေနှင့်အတူ ယိမ်းနွဲ့ကခုန်သည်။ ထို့ကြောင့် အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုနေကြရသည်။
|
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|