ဘုရားနှုတ်ကပတ်တော် | လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကတေအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည် ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။ ………… သက်တံက အဘယ်အရာဖြစ်သည်ကို လူအများစုသိပြီး သက်တံနှင့်ပတ်သက်သည့် ဖြစ်ရပ်အချို့ကို ကြားဖူးခဲ့ကြသည်။ သမ္မာကျမ်းစာထဲတွင်ပါသည့် သက်တံနှင့်ပတ်သက်သည့် အဖြစ်အပျက်ကိုမူ အချို့က ယုံသည်။ အချို့ကလည်း ယုံတမ်းစကားကဲ့သို့ သဘောထားသည်။ အချို့ကမူ လုံးဝမယုံပေ။ မည်သို့ပင်ဖြစ်စေ သက်တံနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအားလုံးသည် တစ်ကြိမ်က ဘုရားသခင်လုပ်ခဲ့သည့်အရာအားလုံးဖြစ်ပြီး လူသားအပေါ် ဘုရားသခင်၏စီမံခန့်ခွဲမှု အမှုအတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာများ ဖြစ်သည်။ ဤအရာများကို သမ္မာကျမ်းစာထဲတွင် တိတိကျကျ မှတ်တမ်းတင်ထားခဲ့သည်။ ဤမှတ်တမ်းများက ဘုရားသခင်က ထိုအချိန်အခါက မည်သို့စိတ်နေစိတ်ထားရှိခဲ့သည် သို့မဟုတ် ဘုရားသခင်ပြောခဲ့သည့် နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်တို့ကို ငါတို့အား မပြောပေ။ ထို့အပြင် ဘုရားသခင်က ထိုအရာများကို ပြောခဲ့သည့်အခါ မည်ကဲ့သို့ခံစားနေခဲ့ရသည်ကိုလည်း မည်သူကမျှ နားမလည်နိုင်ပေ။ သို့ရာတွင် ဤအဖြစ်အပျက်တစ်ခုလုံးနှင့် ပတ်သက်ပြီး ဘုရားသခင်၏ စိတ်အခြေအနေကိုမူ စာကြောင်းများကြားထဲတွင် ဖွင့်ပြထားသည်။ ထိုအချိန်အခါက သူ၏အတွေးများသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ စာလုံးအသီးသီးနှင့် စာစုအသီးသီးမှတစ်ဆင့် စာမျက်နှာမှ ခုန်ထွက်လာဘိသည့်အလားဖြစ်သည်။
………… နဂိုမူလက ဘုရားသခင်သည် သူ့အမြင်၌ အလွန်ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားကို ဖန်ဆင်းခဲ့သည်။ သို့ရာတွင် သူ့ကို ပုန်ကန်ကြပြီးနောက် ထိုသူတို့သည် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်မှာ ဘုရားသခင်ကို နာကျင်စေသလော။ နာကျင်စေသည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုကို သူမည်သို့ဖော်ပြသနည်း။ သမ္မာကျမ်းစာထဲ၌ ၎င်းကို မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤကဲ့သို့ မှတ်တမ်းတင်ထားသည်။ “ သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊ သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ဖွင့်ပြနေသည်။ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းက သူ့ကို အင်မတန်မှ နာကျင်စေခဲ့သည်။ လူသား၏စကားနှင့်ပြောရလျှင် သူသည် အင်မတန်မှ ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်နိုင်ရသည်။ တစ်ချိန်က သက်ရှိသတ္တဝါများနှင့်ပြည့်နေခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရခြင်းအပြီးတွင် မည်သို့ပုံစံမျိုးဖြစ်နေမည်နည်း။ လူနေထိုင်မှုများမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ နေရာတိုင်းတွင် ရေများနှင့် ရေမျက်နှာပြင်ပေါ်တွင် လုံးဝ ရှုပ်ပွနေသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ကမ္ဘာကို သူဖန်ဆင်းခဲ့စဉ်က ဘုရားသခင်၏ မူရင်း ရည်ရွယ်ချက်ဖြစ်သလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင်၏မူရင်း ရည်ရွယ်ချက်မှာ ကုန်းမြေတလျှောက်တွင် သက်ရှိသတ္တဝါများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်နေကြသည်ကို မြင်ရဖို့ဖြစ်ပြီး နောဧသာလျှင် သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူတာဝန်ပေးစေခိုင်းသည့်အရာကို ပြီးမြောက်စိမ့်သောငှာ သူ၏ခေါ်ဆိုမှုကို တုံ့ပြန်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်ရန် မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားသည့်အခါ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားသည့်အရာကို မဟုတ်ဘဲ လုံးဝ ဆန့်ကျင်ဖက်ဖြစ်နေခြင်းကို မြင်ခဲ့သည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေမည်နည်း။ ထို့ကြောင့် သူ၏သဘောထားနှင့် သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့်အခါတွင် ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူချမှတ်ခဲ့သနည်း။ ဘုရားသခင်သည် လူသားကို ရေလွှမ်းမိုးခြင်းနှင့် နောက်တစ်ကြိမ် မဖျက်ဆီးတော့ဟူသော ကတိတစ်ခုဖြစ်သည့် လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်အဖြစ် တိမ်ထဲတွင် လေးတစ်ခုပြုလုပ်ရန် (မှတ်ရန်၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤသည်မှာ ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် တစ်ကြိမ်ဖျက်ဆီးခဲ့သည်ကို ပြောရန်၊ ဤသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားတို့ ထာဝရသတိရနေစေရန်ဖြစ်သည်။ ဤအကြိမ်၌ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းက ဘုရားသခင် လိုလားခဲ့သည့် အရာဖြစ်သလော။ ဘုရားသခင် လိုလားသည့်အရာ လုံးဝ မဟုတ်ပေ။ ကမ္ဘာပျက်စီးပြီးနောက် ကမ္ဘာ၏သနားစရာမြင်ကွင်း၏ သေးငယ်သည့် တစ်စိတ်တစ်ပိုင်းကို ငါတို့ စိတ်ကူးကြည့်၍ရနိုင်သည်။ သို့ရာတွင် ထိုအချိန်အခါက ဘုရားသခင်၏အမြင်၌ ဤမြင်ကွင်းသည် မည်သို့ဖြစ်ခဲ့မည်ဆိုသည်ကို ငါတို့နီးစပ်အောင် စိတ်ကူးကြည့်၍မရနိုင်ပေ။ ထိုအချိန်အခါမှ လူများဖြစ်ဖြစ် ယခုခေတ်မှ လူများဖြစ်ဖြစ် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရပြီးနောက် ကမ္ဘာ၏ပုံရိပ်ဖြစ်သည့် ထိုမြင်ကွင်းကို ဘုရားသခင်မြင်သည့်အခါ သူမည်သို့ခံစားနေခဲ့ရမည်ကို မည်သူမျှ စိတ်ကူးကြည့်နိုင်မည် သို့မဟုတ် နားလည်နိုင်မည်မဟုတ်ဟု ငါတို့ဆိုနိုင်သည်။ လူသား၏မနာခံမှုကြောင့် ဘုရားသခင်သည် ထိုကဲ့သို့လုပ်ဖို့ရန် ဖြစ်လာရသည်။ သို့ရာတွင် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီး၏ ပျက်စီးခြင်းကြောင့် ဘုရားသခင်၏ နှလုံးသား၌ ခံစားရသည့် နာကျင်မှုသည် မည်သူမျှ ဉာဏ်မမီနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် လက်တွေ့အရှိတရားတစ်ခုဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် ထိုကဲ့သို့သောအရာကို တစ်ကြိမ်က လုပ်ခဲ့ဖူးသည်ကို လူများကိုပြဖို့ရန်ဖြစ်သည့်၊ ဤကဲ့သို့ပုံစံမျိုးနှင့် ဘုရားသခင်သည် ကမ္ဘာကို ထပ်၍ဖျက်ဆီးမည်မဟုတ်သည်ကို လူသားများအား ကျိန်ဆိုပြဖို့ရန်ဖြစ်သည့် ပဋိညာဉ်တစ်ခုကို လူသားမျိုးနွယ်နှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၌ ဘုရားသခင်၏ နှလုံးသားကို ငါတို့မြင်ရသည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါ ဘုရားသခင်၏ နှလုံးသားသည် နာကျင်ခံစားရသည်ကို ငါတို့မြင်တွေ့ရသည်။ လူ့ဘာသာစကားအရပြောရလျှင် လူသားမျိုးနွယ်ကို ဘုရားသခင်ဖျက်ဆီးပြီး လူသားအားလုံး ပျောက်သွားသည်ကို ဘုရားသခင် မြင်သည့်အခါ သူ့နှလုံးသားသည် ငိုကြွေးရင်း သွေးများယိုစီးနေခဲ့သည်။ ငါတို့ အကောင်းဆုံးဖော်ပြနိုင်သမျှမှာ ထိုမျှသာဖြစ်သည် မဟုတ်လော။ ဤစကားလုံးများကို လူသား၏စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် လူသားများက အသုံးပြုသည်။ သို့ရာတွင် လူ့ဘာသာစကားသည် ချို့တဲ့လှသည့်အတွက် ဘုရားသခင်၏ခံစားချက်များနှင့် စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် ၎င်းတို့ကို အသုံးပြုခြင်းသည် ငါ့အတွက် အလွန်ဆိုးဝါးသည့်ပုံ မထင်ရသကဲ့သို့ ၎င်းတို့မှာ လွန်ကဲလှသည်ဟုလည်း မရှိပေ။ အနည်းဆုံးအနေဖြင့် ထိုအချိန်အခါက ဘုရားသခင်၏စိတ်အခြေအနေမှာ မည်သို့ဖြစ်နေခဲ့သည်ကို အလွန်ရှင်းလင်း၍ လျော်ကန်သည့်နားလည်မှုအား ထိုအရာက သင်တို့ကိုပေးသည်။ သက်တံကို နောက်တစ်ခါ မြင်ရသည့်အခါ သင်တို့မည်သို့စဉ်းစားကြမည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် တစ်ချိန်က ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းကို မည်ကဲ့သို့ ဝမ်းနည်းခဲ့ရသည်ကို သင်တို့ သတိရပေလိမ့်မည်။ ဘုရားသခင်က ဤလောကကိုမုန်းတီးခဲ့ပြီး လူသားများကို ရွံရှာခဲ့သော်လည်း သူ၏လက်များနှင့် သူကိုယ်တိုင် ဖန်ဆင်းခဲ့သည့် လူသားများကို သူဖျက်ဆီးခဲ့စဉ်က သူ့နှလုံးသားက မည်သို့နာကျင်ခဲ့ရသည်၊ ဖြေဖျောက်ဖို့ရန် မည်သို့ကြိုးစားခဲ့ရသည်၊ တွန့်ဆုတ်ခြင်းများ မည်သို့ခံစားခဲ့ရပြီး ခံယူနိုင်ဖို့ မည်သို့ခက်ခဲခဲ့သည်ကို သင်တို့အနေဖြင့် အမှတ်ရပေလိမ့်မည်။ သူ့ကိုသက်သာစေသည့် တစ်ခုတည်းသောအရာက နောဧ၏မိသားစုရှစ်ယောက်သာ ဖြစ်သည်။ ဖန်ဆင်းထားသည့်အရာအားလုံးအပေါ် ဘုရားသခင်၏အပတ်တကုတ် လုံ့လစိုက်ထုတ်ခဲ့ရမှုများကို အကျိုးရှိစေခဲ့သည်မှာ နောဧ၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်သည် နာကျင်နေရသည့်အချိန်မှာ သူ့နာကျင်မှုကို သက်သာစေနိုင်သည်မှာ ထိုအရာသာဖြစ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်သည် နောဧမိသားစုသည် သူ၏ကျိန်ဆိုမှုအောက်၌မဟုတ်ဘဲ ကောင်းချီးမင်္ဂလာအောက်၌ နေထိုင်နိုင်ဖို့ မျှော်လင့်လျက်၊ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးသည်ကို သူတို့အနေဖြင့် မည်သည့်အခါမျှ ထပ်မမြင်ရစေဖို့ရန် မျှော်လင့်လျက်၊ ထို့ပြင် သူတို့သည်လည်း ဖျက်ဆီးခြင်းမခံရဖို့ မျှော်လင့်လျက် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏မျှော်လင့်ချက်များ အားလုံးကို နောဧ၏မိသားစုအပေါ်တွင် ပုံအပ်ထားခဲ့သည်။ ဤနေရာတွင် ဘုရားသခင့်စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့နားလည်သင့်သနည်း။ လူသားသည် ဘုရားသခင်နှင့် ရန်သူကဲ့သို့ဖြစ်ခဲ့သည့်အတွက် ဘုရားသခင်သည် လူသားကို ရွံရှာခဲ့သည်။ သို့ရာတွင် သူ့နှလုံးသားထဲတွင်မူ လူသားမျိုးနွယ်အတွက် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် သနားညှာတာမှုတို့သည် မပြောင်းမလဲတည်ရှိခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါပင်လျှင် သူ့နှလုံးသားသည် မပြောင်းမလဲ တည်ရှိခဲ့သည်။ လူသားတို့သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ပြီး ဘုရားသခင်ကို အတိုင်းအတာတစ်ခုအထိ မနာခံသည့်အခါ သူ၏စိတ်သဘောထားနှင့် အနှစ်သာရကြောင့် သူ၏စည်းမျဉ်းများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်ကို သနားကြင်နာဆဲဖြစ်ပြီး သူတို့ဆက်လက်ရှင်သန်နိုင်ရန်အတွက် လူသားမျိုးနွယ်ကိုရွေးနုတ်ရန် နည်းအမျိုးမျိုးပင် အသုံးပြုခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို မနာခံမှုတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို မည်သို့ပင် ခေါ်သည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ကူညီပေးသည်ဖြစ်စေ သို့မဟုတ် သူတို့ကို သည်းခံသည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ပေ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုအလယ်တွင် လူသားတို့ နောက်ပြန်လှည့်လာရန် စောင့်စားရင်း သူ၏သည်းခံမှုကို အဆုံးစွန်ထိပေးဖို့ကို ဘုရားသခင်သည် မမေ့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်သွားသည့်အခါတွင်မူ တွန့်ဆုတ်နှောင့်နှေးနေခြင်းမရှိဘဲ သူလုပ်စရာရှိတာကို လုပ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားကို ဖျက်ဆီးခြင်းအမှုမှာ ဘုရားသခင်သည် လူသားကိုဖျက်ဆီးဖို့ စပြီးစီစဉ်သည့်အချိန်မှ သူ့အမှုကို အမှန်တကယ် အစပြုခြင်းကာလအထိ တိကျသည့် အချိန်အပိုင်းအခြားနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဤဖြစ်စဉ်သည် လူသားကို နောက်ပြန်လှည့်စေဖို့ဟူသည့် ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီ ဤအချိန်ကာလ၌ ဘုရားသခင်က မည်သည့်အရာကိုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို များစွာပြုလုပ်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားမှာ မည်မျှပင် နာကျင်မှု၊ ဝမ်းနည်းမှုများ ရှိနေပါစေ လူသားမျိုးနွယ်အပေါ်တွင် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် များပြားလှသည့် သနားကြင်နာမှုများကို ဆက်လက်ထားရှိခဲ့သည်။ ဤအချက်မှ ငါတို့ အဘယ်အရာကို တွေ့ရသနည်း။ လူသားတို့အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး အပြောသက်သက်မဟုတ်ခြင်းကို သံသယဖြစ်နေစရာမလိုဘဲ မြင်တွေ့ရသည်။ ဤသည်မှာ စစ်မှန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ကာ သိသာသည်။ အတုမဟုတ်ပေ၊ မသန့်ရှင်းခြင်း၊ လှည့်စားခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းတို့ မရှိပေ။ လူများက သူ့ကိုချစ်ခင်ဖွယ်ကောင်းသူအဖြစ် မြင်စေရန် ပရိယာယ် သို့မဟုတ် ပုံရိပ်အတုအယောင်များ ဖန်တီးခြင်းတို့ကို ဘုရားသခင်သည် မည်သည့်အခါမျှ အသုံးမပြုပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို လူများမြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားဝါဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် ဤသွင်ပြင်လက္ခဏာများက လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ရန် မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ဖို့ရန် မထိုက်တန်သလော။ ဤနေရာတွင် ငါသင်တို့ကို မေးလိုသည်။ ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက် ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်မှ စကားလုံးများသက်သက်မျှသာဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာဖြစ်သလော။ မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း အစရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများ အားလုံးသည် သူအမှုပြုသည့်အခါတိုင်း အသုံးပြုခြင်းခံရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလိုတော်၌ သရုပ်ထင်ကာ လူတစ်ယောက်ချင်းစီအပေါ်တွင် ထင်ဟပ်၍ ဖြည့်ဆည်းထားသည်။ သင်သည် ယခင်က ဤအချက်ကို ခံစားဖူးခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ ဝိညာဉ်ကို နှိုးထစေရန် သူ၏ ရိုးသားသည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုလျက် လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဂရုစိုက်နေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် ထိုင်နေသည့်သူများ မည်မျှများသည်ဖြစ်စေ လူအသီးသီးသည် ဘုရားသခင်၏ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအပေါ်တွင် မတူညီသည့်ခံစားချက်နှင့် အတွေ့အကြုံများ ရှိခဲ့ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ဤတွေ့ကြုံခံစားမှုများနှင့် သူ့အပေါ် ဤခံစားချက်များနှင့် ဝန်ခံမှုများသည် အတိုချုပ်ပြောရလျှင် ဤအပြုသဘောဆောင်သည့်အရာအားလုံးသည် ဘုရားသခင်ထံမှလာခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏ ဘုရားသခင်နှင့်ပတ်သက်သည့် အတွေ့အကြုံများနှင့် အသိပညာတို့ကို စုစည်းပြီး ဤအရာများကို ယနေ့ဤသမ္မာကျမ်းစာ၏ ကျမ်းပိုဒ်များကို ငါတို့ ဖတ်ရှုခြင်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ သင်တို့၌ ဘုရားသခင်နှင့်ပတ်သက်၍ ပိုပြီးစစ်မှန်ကာ သင့်တင့်လျောက်ပတ်သည့် နားလည်မှုကို ယခု ရှိကြပြီလော။ ………… ဘုရားသခင်သည် လူသားကိုဖန်ဆင်းခဲ့သည်။ သူတို့သည် ဖျက်ဆီးခြင်း ခံရပြီးသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်နောက်ကို လိုက်လျောက်ကြသည်ဖြစ်စေ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ သူချစ်ရသည့်သူများအဖြစ်၊ သို့မဟုတ် လူသားများပြောသကဲ့သို့ သူ၏အချစ်မြတ်နိုးရဆုံးသော လူများအဖြစ် ဆက်ဆံသည်။ ဘုရားသခင်က သူသည်ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟုပြောသော်လည်း ထိုစကားတွင် အဆင့်အတန်းကွာခြားမှု အနည်းငယ်ရှိမည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်က လူသားများအတွက်လုပ်ပေးခဲ့ပြီးသည့် အရာရာတိုင်းသည် ဤဆက်နွှယ်မှုသဘာဝကို များစွာကျော်လွန်နေသည်။ ဘုရားသခင်သည် လူများကိုချစ်၏၊ ဂရုစိုက်၏၊ လူသားများကို သူအရေးထားသည့်အပြင် စဉ်ဆက်မပြတ် ရပ်တန့်ခြင်းမရှိဘဲ လူသားတို့ကို ထောက်ပံ့ပေးသည်။ ဤကဲ့သို့လုပ်ရခြင်းမှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာရထိုက်သည့်အရာဖြစ်သည်ဟု သူ့နှလုံးသားထဲ၌ ဘုရားသခင်သည် မည်သည့်အခါကမျှ မခံစားရပေ။ ထို့အပြင် လူသားများကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာပေးအပ်ခြင်းသည် လူသားများကို ကြီးစွာကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည်လူသားများကို သူ၏နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှ တစ်ဆင့် တိတ်ဆိတ်ငြိမ်သက်စွာ ထောက်ပံ့နေခြင်းဖြစ်သည်။ လူသားများသည် သူ့ထံမှ မည်မျှထိ ထောက်ပံ့မှုနှင့် အကူအညီတို့ ရရှိနေသည်ဖြစ်စေ ဘုရားသခင်သည် နာမည်ကောင်းရဖို့ တွေးတောခြင်း သို့မဟုတ် ကြိုးစားခြင်း မည်သည့်အခါမျှ မရှိပေ။ ဤအချက်ကို ဘုရားသခင်၏အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင့် စိတ်သဘောထား၏ စစ်မှန်သည့်ဖော်ပြမှု အတိအကျပင်ဖြစ်သည်။ ထို့ကြောင့်လည်း သမ္မာကျမ်းစာထဲတွင် သို့မဟုတ် အခြားမည်သည့်စာအုပ်ထဲတွင်ပင်ဖြစ်စေ ဘုရားသခင်အနေဖြင့် သူ၏အတွေးများကို ဖော်ပြထားခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရခြင်းဖြစ်ပြီး လူသားများ သူ့ကိုကျေးဇူးတင်စိမ့်သောငှာ သို့မဟုတ် သူ့ကိုချီးမွမ်းစိမ့်သောငှာ သူသည် ဤအရာများကိုလုပ်ရခြင်းအကြောင်း သို့မဟုတ် လူသားများကို အင်မတန် ဂရုစိုက်ရခြင်းအကြောင်း ဖော်ပြထားခြင်း သို့မဟုတ် တရားဝင်ကြေညာထားခြင်းကို မည်သည့်အခါမျှ မတွေ့ရခြင်း ဖြစ်သည်။ သူစိတ်ထိခိုက်နေရလျှင်ပင်၊ သူ့နှလုံးသားသည် အပြင်းအထန် နာကျင်နေရလျှင်ပင်၊ လူသားများအပေါ် ထားရှိသည့် သူ၏ဝတ္တရား သို့မဟုတ် စိုးရိမ်စိတ်ကို မည်သည့်အခါမျှ မမေ့ဘဲ သူသည် ဤနာကျင်မှုများကို တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ခံစားနေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူလုပ်နေကျအတိုင်း လူသားများကို ဆက်လက်ထောက်ပံ့သည်။ လူသားများသည် တစ်ခါတစ်ရံ သူ့ကိုချီးမွမ်းပြီး သက်သေခံလျှင်ပင် ဤအပြုအမူသည် ဘုရားသခင်တောင်းဆိုသည့် အရာများမဟုတ်ပေ။ ဤသို့ရဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားများအတွက် သူလုပ်ပေးခဲ့သည့် ကောင်းသောအရာများအတွက် ကျေးဇူးတင်မှုနှင့် အလဲအလှယ်ပြုရန် သို့မဟုတ် ထိုအရာအတွက် ပြန်လည်ပေးဆပ်စေရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ တစ်ဖက်မှာလည်း ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရှားသူများ၊ ဘုရားသခင်နောက် အမှန်လိုက်လျှောက်ကာ သူ့စကားကိုနားထောင်ကာ သူ့အပေါ် သစ္စာစောင့်သိသူများနှင့် နာခံသူများဖြစ်သည့် ဤသို့သောလူများသည် ဘုရားသခင်၏ကောင်းချီးများကို မကြာခဏရရှိမည့်သူများဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သော ကောင်းချီးများကို မခြွင်းမချန် ချပေးသနားလိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူသားများရရှိသည့် ကောင်းချီးများသည် မကြာခဏပင် သူတို့၏စိတ်ကူးများထက်သာလွန်ကာ လူသားများပြလုပ်ခဲ့သည့်အရာ သို့မဟုတ် အဖိုးအခပေးကာ လဲလှယ်၍ရသည့်အရာများထက်လည်း သာလွန်နေသည်။ လူသားများသည် ဘုရားသခင်၏ကောင်းချီးများကို ခံစားရသောအခါ ဘုရားသခင်မည်သည့်အရာလုပ်နေသည်ကို ဂရုစိုက်သည့်သူရှိသလော။ ဘုရားသခင် မည်ကဲ့သို့ ခံစားနေရသည်ကို အရေးထားသည့်သူ ရှိသလော။ ဘုရားသခင်၏ နာကျင်မှုကို နားလည်ဖို့ရန် ကြိုးစားသည့်သူ ရှိသလော။ ဤမေးခွန်းသုံးခုလုံးအတွက် အဖြေမှာ မရှိပါဟူ၍ပင် ဖြစ်တော့သည်။ နောဧ အပါအဝင် လူသားတိုင်းက ထိုအခိုက်အတန့်တွင် ဘုရားသခင်ခံစားနေခဲ့ရသည့် ခံစားချက်ကို နားလည်နိုင်သလော။ ဘုရားသခင်သည် ထိုသို့သော ပဋိညာဉ်ကို တည်ထောင်ရခြင်းအကြောင်း မည်သူနားလည်နိုင်သနည်း။ နားမလည်နိုင်ကြပေ။ လူသားများသည် ဘုရားသခင်၏နာကျင်မှုကို အသိအမှတ်မပြုခြင်းမှာ သူတို့အနေဖြင့် ဘုရားသခင်၏နာကျင်မှုကို နားမလည်၍မဟုတ်သကဲ့သို့ လူသားနှင့် ဘုရားသခင်အကြားမှ ခြားနားချက်ကြောင့်လည်းမဟုတ် သို့မဟုတ် သူတို့၏ ဂုဏ်အဆင့်အတန်း ကွာခြားမှုကြောင်လည်း မဟုတ်ဘဲ လူသားသည် ဘုရားသခင်၏ခံစားချက်များကို အလေးမထား၍ဖြစ်သည်။ ဘုရားသခင်သည် အမှီအခိုကင်းသည်ဟု လူသားများထင်ကြသည်၊ ဘုရားသခင်သည် လူသားများ၏ ဂရုစိုက်မှုကို မလိုအပ်၊ သူ့ကိုနားလည်ရန်နှင့် သူ့ကို အရေးထားရန် မလိုအပ်ဟု ထင်ကြသည်။ ဘုရားသခင်သည် ဘုရားဖြစ်သည်၊ ထို့ကြောင့် သူ့ထံ၌ နာကျင်မှုမရှိ၊ စိတ်ခံစားမှုမရှိ၊ ဘုရားသခင်သည် ဝမ်းနည်းမည်မဟုတ်၊ သောကကို မခံစားရဘဲ ငိုပင်မငို။ ဘုရားသခင်သည် ဘုရားဖြစ်သည်၊ ထို့ကြောင့် သူသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်များကို မလိုအပ်၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို မလိုအပ်။ အကယ်၍ သူသည် အချို့သော အခြေအနေများ၌ ဤအရာများကို လိုအပ်ပါက သူသည် သူကိုယ်တိုင် ဖြေရှင်းလိမ့်မည်ဖြစ်ပြီး လူသားများထံမှ မည်သည့်အကူအညီမျှ လိုအပ်မည်မဟုတ်။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းနှင့် အချိန်တိုင်း၊ နေရာတိုင်းတွင်ပင် သူတို့၏ စိတ်ခံစားမှုများကို နှစ်သိမ့်ပေးရန် ဘုရားသခင်ကို လိုအပ်ကြသည်မှာ အားနည်းပြီး မရင့်ကျက်သည့် လူသားများဖြစ်သည်။ လူသားသည် အားနည်းသူ ဖြစ်သည်၊ သူတို့သည် ဘုရားသခင်၏ ဘက်ပေါင်းစုံမှ စောင်မကြည့်ရှုခြင်းကို လိုအပ်သည်၊ ဘုရားသခင်ထံမှ သူတို့လက်ခံရရှိသည့် ဂရုစိုက်မှုမှန်သမျှကို သူတို့ရထိုက်သည်၊ မိမိတို့ဥစ္စာဟု သူတို့ခံစားရသည့် ဘယ်အရာကိုမဆို ဘုရားသခင်ထံမှ တောင်းဆိုသင့်သည်ဟူသည့် ဤသို့သော အတွေးသည် လူသား၏နှလုံးသား နက်ရှိုင်းသောနေရာတွင် ပုန်းကွယ်နေ၏။ ဘုရားသခင်သည် သန်မာသူဖြစ်သည်၊ သူ့ထံ၌ အရာအားလုံးရှိပြီး သူသည် လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်သူနှင့် ကောင်းချီးများကို ချပေးသူဖြစ်သင့်သည်။ သူသည် ဘုရားသခင်ဖြစ်နေပြီး ဖြစ်သောကြောင့် သူသည် အတိုင်းအဆမဲ့ တန်ခိုးကြီးပြီး လူသားမျိုးနွယ်ထံမှ အဘယ်အရာမျှ မလိုအပ်ဟု ထင်တတ်ကြသည်။ လူသားသည် ဘုရားသခင်၏ဖွင့်ဟချက်များ တစ်ခုတလေကိုမျှ ဂရုမစိုက်သောကြောင့် လူသားသည် ဘုရားသခင်၏ပူဆွေးခြင်း၊ နာကျင်ခြင်းနှင့် ပျော်ရွင်ခြင်းများကို မည်သည့်အခါကမျှ မခံစားခဲ့ဖူးပေ။ သို့ရာတွင် အပြန်အလှန်အနေဖြင့် လူသား၏မျက်နှာအမူအရာများ အားလုံးကို ဘုရားသခင်သည် သူ၏လက်ဖမိုးကဲ့သို့ သိရှိလေသည်။ လူအယောက်စီတိုင်း၏ ပြောင်းလဲနေသည့် အတွေးများကို လေ့လာကာ ထိုသို့အားဖြင့် သူတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းပြီး သူတို့ကို လမ်းပြလျက် အလင်းပေးကာ လူတိုင်း၏ လိုအပ်ချက်များကို အချိန်တိုင်း နေရာတိုင်းတွင် ဘုရားသခင်အနေဖြင့် ဖြည့်ဆည်းပေးနေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်လုပ်ပေးခဲ့သည့် အရာအားလုံးနှင့် ထိုသူတို့ကြောင့် သူပေးဆပ်ခဲ့ရသည့် အဖိုးအခများနှင့်ဆိုရလျှင် ဘုရားသခင်သည် လူသားထံမှ တစ်စုံတစ်ခုကို တောင်းဆိုလိမ့်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် ကျမ်းပိုဒ်ကို ကျမ်းစာထဲတွင် သို့မဟုတ် ယနေ့အချိန်ထိ ဘုရားသခင်ပြောဆိုခဲ့သည့်အရာများထဲမှ လူသားများသည် ရှာတွေ့နိုင်သလော။ မရှာတွေ့နိုင်ပေ။ တစ်ခြားတစ်ဖက်မှာ လူသားများသည် ဘုရားသခင်၏တွေးတောခြင်းကို မည်မျှပင် လျစ်လျူရှုပါစေ ထိုသူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသည့် လှပသောပန်းတိုင်ကို သူတို့လက်ခံရရှိနိုင်ရန် ဘုရားသခင်၏ လမ်းခရီးကို သူတို့ကိုလိုက်လျှောက်ခွင့်ပြုခြင်းငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဦးဆောင်ကာ၊ လူသားမျိုးနွယ်ကို ထပ်တလဲလဲ ထောက်ပံ့၍ ကူညီပေးသည်။ ဘုရားသခင်အတွက် ဆိုရလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ကျေးဇူးတော်၊ သူ၏ကရုဏာ၊ သူ၏ကြင်နာခြင်းနှင့် သူ၏ဆုလာဒ်များအားလုံးသည် သူ့ကိုချစ်ကာ သူ့နောက်လိုက်လျှောက်သည့် သူများအပေါ် ခြွင်းချန်ထားခြင်းမရှိဘဲ ချပေးသနားခြင်းခံရမည့်အရာဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် သူခံစားရသည့် နာကျင်မှုနှင့် သူ၏ စိတ်အခြေအနေကို မည်သူတစ်ဦးတစ်ယောက်ထံသို့မျှ ဖွင့်ပြခြင်းမရှိဘဲ သူ့အပေါ် စာနာထောက်ထားမှု မရှိခြင်း သို့မဟုတ် သူ့အလိုတော်ကို မသိရှိခြင်းတို့အတွက် မည်သူ့ကိုမျှ စောဒကမတက်ခဲ့ပေ။ ဘုရားသခင်သည် ဤအရာများ အားလုံးကို တိတ်တဆိတ် ခံစားဖြစ်ပြီး လူသားများနားလည်လာမည့်နေ့ကို စောင့်မျှော်နေပေသည်။
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|