ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို လုပ်ပေး၏ ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။ အာဒံက ဧဝကို နာမည်ပေးခြင်း၏နောက်ကွယ်၌ အဓိပ္ပာယ်တစ်ခုရှိနေခြင်းကို ဖော်ပြသည့် ဤတတိယ ကျမ်းပိုဒ်ကို ကြည့်ကြစို့။ ဟုတ်ပြီလော။ ဖန်ဆင်းခြင်းခံရပြီးနောက် အာဒံ၌ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုရှိခဲ့ပြီး အမှုအရာများကို သူနားလည်ခဲ့သည်ကို ဤအချက်က ပြသည်။ သို့ရာတွင် အာဒံသည် အဘယ်အရာများကို နားလည်ခဲ့သည် သို့မဟုတ် မည်မျှနားလည်ခဲ့သည်ကို ရှာဖွေလေ့လာမည်မဟုတ်ပေ။ အကြောင်းမှာ ထိုအရာသည် ဤတတိယကျမ်းပိုဒ်၌ ငါဆွေးနွေးလိုသည့် အဓိက အချက်မဟုတ်၍ဖြစ်သည်။ ဤသို့ဆိုလျှင် တတိယကျမ်းပိုဒ်၏ အဓိကအချက်က အဘယ်အရာနည်း။ “ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏” ဟူသည့်စာကြောင်းကို ကြည့်ကြစို့။ ယနေ့ ကျမ်းစာ၏ ဤစာသားကို ငါတို့မိတ်သဟာယဖွဲ့ခြင်းမပြုလျှင် ဤစာလုံးများ၏နောက်ကွယ်က ဂယက်အနက်ကို သင်တို့ဘယ်တော့မျှ နားလည်သိရှိမည် မဟုတ်ပေ။ ပထမဆုံး သဲလွန်စအချို့ ငါပေးမည်။ သင်တို့စိတ်ကူးကိုဖြန့်လျက် အာဒံနှင့်ဧဝ နေထိုင်သည့် ဧဒင်ဥယျာဉ်ကို ပုံဖော်ကြည့်ကြလော့။ ဘုရားသခင်က သူတို့ဆီကို လာရောက်လည်ပတ်သည်။ သို့ရာတွင် သူတို့က ကိုယ်လုံးတီးဖြစ်နေသည့်အတွက် ပုန်းနေကြသည်။ ဘုရားသခင်သည် သူတို့ကို မမြင်နိုင်ပေ။ ဘုရားသခင်က သူတို့ကို ခေါ်လိုက်သည့်အခါ “ကျွန်ုပ်တို့သည် ကိုယ်လုံးတီးဖြစ်နေသည့်အတွက် ကိုယ်တော်နှင့် မတွေ့ရဲပါ” ဟု သူတို့ပြောကြသည်။ သူတို့သည် ကိုယ်လုံးတီးဖြစ်နေ၍ ဘုရားသခင်နှင့်မတွေ့ရဲပေ။ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်က သူတို့အတွက် အဘယ်အရာကို လုပ်ပေးသနည်း။ မူရင်းစာသားက ဤသို့ဆိုသည်။ “ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။” သူတို့ကို အဝတ်လုပ်ပေးဖို့အတွက် အဘယ်အရာကို ဘုရားသခင်အသုံးပြုသည်ကို သင်တို့ ယခုသိကြသလော။ ဘုရားသခင်သည် သူတို့ကိုအဝတ်လုပ်ပေးရန်အတွက် တိရစ္ဆာန်သားရေကို အသုံးပြုခဲ့သည်။ တစ်နည်းအားဖြင့် လူသားအတွက် ဘုရားသခင်လုပ်ပေးသည့် အဝတ်အစားမှာ သားရေဝတ်လုံဖြစ်သည်။ ဤသည်မှာ လူသားအတွက် ဘုရားသခင်လုပ်ပေးခဲ့သည့် ပထမဆုံးသော အဝတ်အစားဖြစ်သည်။ ယနေ့စံနှုန်းများအရ သားရေဝတ်လုံသည် အထက်တန်းစား အဝတ်အစားဖြစ်သည်။ လူတိုင်းမဝယ်နိုင်သည့် ပစ္စည်းဖြစ်သည်။ လူသားမျိုးနွယ်၏ဘိုးဘေးများ ဝတ်ခဲ့သည့် ပထမဆုံးအဝတ်အစားက အဘယ်အရာနည်းဟု တစ်ယောက်ယောက်က သင့်ကိုမေးလျှင် သားရေဝတ်လုံဟု သင်ဖြေနိုင်သည်။ ဤဝတ်လုံကို မည်သူလုပ်ခဲ့သနည်း။ ဘုရားသခင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်ထပ်ပြီးဖြေနိုင်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ အဝတ်ကို ဘုရားသခင်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သတိပြုစရာအချက်တစ်ခု မဟုတ်လော။ ယခု ငါရှင်းပြီးသွားသည့်အတွက် သင်တို့စိတ်ထဲ၌ ပုံစံတစ်ခု ပေါ်ထွက်မလာသလော။ အနည်းဆုံး အကြမ်းဖျင်း ပုံရိပ်အပြိန်းတော့ ရှိသင့်သည်။ ယနေ့ သင်တို့ကို ဤအရာ ပြောနေခြင်းမှာ လူသား၏ ပထမဆုံးအဝတ်က အဘယ်အရာဖြစ်သည်ကို သင်တို့ သိစေရန် မဟုတ်ပေ။ သို့ဆိုလျှင် ဆိုလိုရင်းက မည်သို့ဖြစ်သနည်း။ ဆိုလိုရင်းက သားရေဝတ်လုံမဟုတ်ပေ၊ ဘုရားသခင်က ဤအမှုအရာကို ပြုနေခဲ့သည့်အခါ သူဖော်ပြသည့် စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို မည်သို့သိနိုင်ပုံပင် ဖြစ်သည်။ “ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏” ဟူသည့် ဤရုပ်လွှာတွင် အာဒံနှင့်ဧဝတို့နှင့်အတူရှိနေစဉ်၌ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုးမှာ ပါဝင်လှုပ်ရှားသနည်း။ လူနှစ်ယောက်သာရှိသည့် ကမ္ဘာတွင် ဘုရားသခင်က မည်သို့အခန်းကဏ္ဍတွင် ပေါ်ထွန်းလာသနည်း။ ဘုရားသခင်၏ နေရာအနေနှင့်။ ဟောင်ကောင်မှ ညီအစ်ကိုမောင်နှမများ ကျေးဇူးပြု၍ ဖြေကြပါ။ (မိဘတစ်ဦး၏ အခန်းကဏ္ဍတွင်ဖြစ်ပါသည်။) တောင်ကိုရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားသည်ဟု သင်တို့ထင်သနည်း။ (မိသားစု၏ ဦးစီးအခန်းကဏ္ဍမှ ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်အကို မောင်နှမတို့၊ သင်တို့ကော မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုထဲရှိ သူတစ်ယောက်၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ယောက်၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်အဖြစ် ပေါ်ထွန်းသည်ဟုထင်ပြီး အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အချို့က မိဘအနေနှင့်ဟု ပြောသည်။ ဤအချက်အားလုံးသည် အင်မတန်မှ ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုချင်သည်မှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ့၏အဖော်များအနေနှင့် ဆက်ဆံခဲ့သည်။ သူတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် သူတို့ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကြည့်ရှုစောင့်ရှောက်ပြီး သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ ဤနေရာတွင် ဘုရားသခင်က အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဘုရားသခင်က ဤသို့ပြုနေသည့်အခါတွင် ဘုရားသခင်သည် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု သူ၏လျှို့ဝှက်နက်နဲမှု အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏သောကနှင့် လူသားအပေါ် သူ၏တာဝန်နှင့် ဂရုစိုက်မှုတို့ကိုသာ လူက မြင်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဆက်ဆံသည့်နည်းလမ်းနှင့် သဘောထားသည် လူသားမိဘများက သူတို့သားသမီးအပေါ် အလေးထားမှုနှင့် ဆင်တူသည်။ ဤသည်မှာ လူသားမိဘများသည် သူတို့၏ကိုယ်ပိုင် သားများနှင့် သမီးများကို ချစ်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ဂရုစိုက်သည့်ပုံစံနှင့်လည်း ဆင်တူသည်။ စစ်မှန်၍ မြင်နိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်၏။ သူ့ကိုယ်သူ မြင့်မားပြီးအစွမ်းထက်သည့် နေရာတွင်ထားမည့်အစား ဘုရားသခင်သည် လူသားအတွက် အဝတ်ပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားရေဝတ်လုံက သူတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ သူတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အတိုပြောရလျှင် လူ့ကိုယ်ခန္ဓာကို ပတ်ခြုံဖို့အသုံးပြုသည့် ဤအဝတ်အစားသည် ဘုရားသခင် ကိုယ်တိုင် သူ၏လက်နှင့်လုပ်ထားခြင်းဖြစ်သည်။ လူများ စိတ်ကူးထင်မြင်သကဲ့သို့ အတွေးနှင့် သို့မဟုတ် ထူးဆန်းသည့် နည်းလမ်းများနှင့် ဖန်ဆင်းလိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် မလုပ်နိုင်သည့်အရာ၊ မလုပ်သင့်သည့်အရာဟု ထင်ထားသည့်အရာတစ်ခုကို အမှန်တကယ် လုပ်ခဲ့သည်။ ဤသည်မှာ ပြောရန်ပင် မထိုက်တန်ဟု အချို့က ထင်ကောင်းထင်နိုင်သည့် ရိုးရှင်းသောအရာ ဖြစ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်နောက်လိုက်သော်လည်း ယခင်က ဘုရားသခင်နှင့်ပတ်သက်ပြီး မပြတ်သားသည့် အယူအဆရှိနေသူများအားလုံးကို သူ၏စစ်မှန်ခြင်းနှင့် ချစ်ခြင်းနှင့်ပတ်သက်၍ ထိုးထွင်းအမြင် ရစေရန်၊ သူ၏ သစ္စာရှိပြီး နှိမ့်ချသောသဘောကို တွေ့မြင်စေရန်ဖြစ်သည်။ မိမိတို့ကိုယ်မိမိ မြင့်မားပြီး အစွမ်းရှိသည်ဟု ထင်နေကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့်လူများကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့၌ အရှက်ရလျက် သူတို့၏ထောင်လွှားသော ခေါင်းများကို ကိုင်းညွှတ်စေသည်။ ဘုရားသခင်သည် မည်မျှချစ်ဖွယ်ဖြစ်သည်ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းက လူတို့ကို ပိုပြီး မြင်လာစေသည်။ ဆန့်ကျင်ဖက်အနေနှင့် လူသားများ၏နှလုံးသားထဲတွင်ရှိသည့် အလွန့်အလွန် ကြီးမားသည့် ဘုရားသခင်၊ ချစ်ဖွယ်ကောင်းသည့် ဘုရားသခင်နှင့် အတိုင်းအဆမဲ့ တန်ခိုးကြီးသည့် ဘုရားသခင်သည် အလွန်သေးငယ်ကာ စိတ်ဝင်စားစရာမကောင်းဖြစ်ပြီး ထိုးနှက်မှု တစ်ချက်ကိုပင် မခံရပ်နိုင်ပေ။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ ဘုရားသခင်သည် ဤအရာမျိုးကိုလုပ်သည့်အတွက် သူ့ကို အထင်သေးသလော။ အချို့လူများက ဤသို့ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အခြားလူများအတွက်မူ လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု သူတို့ထင်မြင်ကြလိမ့်မည်။ သူတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှုပင် အတိအကျဖြစ်သည်။ ဘုရားသခင်၏ တကယ့်ပုံစံကို သူတို့မြင်လေလေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏အရေးကြီးမှုနှင့် အချိန်တိုင်း၌ ဘုရားသခင်သည် သူတို့အနားမှာ ရှိနေပုံတို့ကို သူတို့ နားလည်လာလေလေဖြစ်သည်။ ဤနေရာတွင် ငါတို့၏ဆွေးနွေးမှုကို လက်ရှိအချိန်နှင့် ဆက်သွယ်သင့်သည်။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် အမျိုးမျိုးသော ဤအသေးအဖွဲလေးများကို၊ အချို့လူများအနေဖြင့် တွေးပင်မတွေးဝံ့သည့် သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကို ဘုရားသခင်သည် လုပ်ပေးနိုင်လျှင် ယနေ့ခေတ်လူများအတွက် ဤသို့သောအရာမျိုးကို ဘုရားသခင် လုပ်ပေးနိုင်သလော။ အချို့လူများက “လုပ်နိုင်သည်” လို့ပြောကြမည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ အနှစ်သာရသည် အတုမဟုတ်၍ဖြစ်သည်၊ သူ၏ချစ်ခြင်းမေတ္တာက အတုမဟုတ်၍ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ထည့်သွင်းထားသည့်အရာတစ်ခု မဟုတ်ဘဲ အချိန်၊ နေရာနှင့် ခေတ်ကာလများပြောင်းလဲမှုနှင့်အညီ ပြောင်းလဲသည့် အရာတစ်ခု လုံးဝမဟုတ်ပေ။ မထူးခြားသည့်အရာနှင့် အရေးမပါသည့်အရာဟုလူများထင်ကြသည့် အရာတစ်ခုကို ပြုလုပ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏စစ်မှန်ခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို အမှန်တကယ် ထင်ရှားပေါ်လွင်စေနိုင်သည်။ ဘုရားသခင်သည် ဟန်ပန်မများတတ်ပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရမှာ ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ မာန သို့မဟုတ် ထောင်လွှားခြင်းတို့ မပါဝင်ပေ။ သူသည် ဘယ်တော့မျှ မကြွားဝါဘဲ ကြွားဝါမည့်အစား သူဖန်ဆင်းခဲ့သည့် လူသားများကို ယုံကြည်မှုနှင့် စိတ်ရင်းအမှန်နှင့် ချစ်ခင်၍ အလေးထားကာ စောင့်ရှောက်ပြီး ဦးဆောင်သည်။ လူများက ထိုအရာ၏ မည်မျှကိုသာ နားလည်နိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဤအရာများကို အကယ်ပင် လုပ်နေသည်။ ဘုရားသခင်၌ ဤသို့သောအနှစ်သာရရှိသည်ကို သိခြင်းက သူ့အပေါ်ထားသည့် လူသားများ၏ ချစ်ခြင်းမေတ္တာကို ထိခိုက်စေနိုင်သလော။ ဘုရားသခင်အား သူတို့ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏ပုံစံအစစ်ကို နားလည်သောအခါ သူ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်ပြီး လူသားများပေါ်တွင်ထားသည့် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍စစ်မှန်စွာ နားလည်နိုင်မည်ဟု ငါမျှော်လင့်သည်။ တစ်ချိန်တည်းမှာပင် သင့်နှလုံးသားကို ဘုရားသခင်ကိုပေးအပ်ပြီး သူ့အပေါ်တွင် ယုံမှားသံသယများ မရှိတော့ဖို့ ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် တိတ်ဆိတ်စွာနှင့် အရာအားလုံးကို ပြုလုပ်ပေးနေသည်။ သူ၏စိတ်ရင်းအမှန်၊ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာတို့နှင့် တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည်။ သို့သော် ဘုရားသခင်သည် သူလုပ်သည့် အရာများအားလုံးအပေါ်တွင် ပူပန်ကြောင့်ကြခြင်း သို့မဟုတ် နောင်တရခြင်းတို့ မည်သည့်အခါမျှ မရှိသကဲ့သို့ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်ခုခုရဖို့ ရည်ရွယ်ချက်များလည်း မရှိခဲ့ပေ။ သူလုပ်ခဲ့သည့်အရာများအားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် သစ္စာနှင့် ချစ်ခြင်းမေတ္တာကို သူလက်ခံရယူနိုင်ရန်ဖြစ်သည်။
0 Comments
Leave a Reply. |
Click & Join usဘုရားနှုတ်ကပတ်တော်
All
|